PSM (News) ဩဂုတ် ၁၅၊ ၂၀၂၆ အင်ဒိုနီးရှားနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်တွင် ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အဆောက်အအုံများ ပြိုကျပျက်စီးခဲ့ပြီး အနည်းဆုံး လူနှစ်ဦး သေဆုံးကာ ဒေသခံများ အလန့်တကြား ထွက်ပြေးခဲ့ကြကြောင်း သိရသည်။ အင်ဒိုနီးရှားနိုင်ငံ၊ အရှေ့နူဆာတင်ဂါနာပြည်နယ်၊ အန်းဒေးမြို့၏ မြောက်-အနောက်မြောက်ဘက် ၆၈ ကီလိုမီတာ (၄၂ မိုင်) အကွာ၊ မြေအောက် ၁၀ ကီလိုမီတာ အနက်ကို ဗဟိုပြု၍ ယနေ့ စနေနေ့ နံနက်ပိုင်းက အဆိုပါ ငလျင်လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ ငလျင်လှုပ်ခတ်ပြီးနောက် တာဝန်ရှိသူများက ဆူနာမီ သတိပေးချက် ထုတ်ပြန်ခဲ့သော်လည်း ကမ်းရိုးတန်းဒေသများအတွက် ခြိမ်းခြောက်နိုင်သည့် ပင်လယ်ရေမျက်နှာပြင် အပြောင်းအလဲကြီးများ မရှိကြောင်း အင်ဒိုနီးရှား မိုးလေဝသ၊ ရာသီဥတုနှင့် ဘူမိရူပဗေဒ အေဂျင်စီက ထုတ်ပြန်ခဲ့ပြီးနောက် သတိပေးချက်ကို ပြန်လည် ရုပ်သိမ်းခဲ့သည်။ မောမီယာ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအေဂျင်စီ၏ ကနဦးထုတ်ပြန်ချက်များအရ ငလျင်ကြောင့် အဆောက်အအုံများ ပြိုကျပျက်စီးခဲ့ရာ အနည်းဆုံး ဒေသခံ နှစ်ဦး သေဆုံးပြီး အခြား နှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဘေးအန္တရာယ် စီမံခန့်ခွဲရေးအေဂျင်စီက ဆိုသည်။ ဖလိုရက်စ်ကျွန်းပေါ်ရှိ ဒေသအများအပြားတွင် ငလျင်ကို ပြင်းထန်စွာ ခံစားခဲ့ရပြီး ဆစ်ကာခရိုင်အတွင်းရှိ အဆောက်အအုံ အများအပြား ထိခိုက်ပျက်စီးခဲ့ကာ ထိတ်လန့်နေကြသည့် ဒေသခံများမှာ မြင့်မားရာဒေသများသို့ ထွက်ပြေးခဲ့ကြရသည်။ အစောပိုင်း ငလျင်လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲ ငလျင်ငယ်များလည်း အကြိမ်ကြိမ် လှုပ်ခတ်ခဲ့သည်။ ဒေသတွင်း ရုပ်မြင်သံကြား ထုတ်လွှင့်ချက်များတွင် ဆေးရုံအချို့ရှိ လူနာများကို ဘေးကင်းရေးအတွက် အဆောက်အအုံများမှ အပြင်ဘက်သို့ ပြောင်းရွှေ့ထားသည်ကို တွေ့ရသည်။ ဆေးရုံဝန်ထမ်းများသည် အရေးပေါ် အခြေအနေများနှင့် ကိုက်ညီစေရန် ကုတင်များ၊ ပုလင်းစိုက်စင်များနှင့် အောက်ဆီဂျင်အိုးများအပါအဝင် ပစ္စည်းကိရိယာများကို အပြင်ဘက်သို့ ရွှေ့ပြောင်းကာ ယာယီ ကုသရေးနေရာများ ပြင်ဆင်ခဲ့ကြသည်။ ကိုးကား-AP Post navigation တရုတ်နှင့် ထိုင်းရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ နယ်စပ်ဖြတ်ကျော် Credit Card လိမ်လည်မှုဂိုဏ်းကို ဖြိုခွင်း ခရိုအေးရှားနိုင်ငံ၏ ခရီးသွားမြို့သို့ တောမီးကျရောက်မှုကြောင့် လူ ၃၆ ဦး ဒဏ်ရာရရှိ