PSM (News) ဩဂုတ် ၁၄၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ ရွှေဘိုအကျဉ်းထောင်အတွင်း မတရား ဖမ်းဆီးခံထားရသည့် အသက် (၈၂) နှစ်အရွယ် နိုင်ငံရေးအကျဉ်းသူတစ်ဦးသည် အကျဉ်းထောင်အာဏာပိုင်များ၏ ဆေးဝါးကုသခွင့် ငြင်းပယ်ခံရမှု ကြောင့် ရောဂါကျွမ်းလွန်ကာ အစာအိမ်ကင်ဆာဖြင့် ကွယ်လွန်သွားခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသူများ အဖွဲ့ (WOPP) က ယနေ့ ဩဂုတ် ၁၄ ရက် တွင် ထုတ်ပြန်ထားသည်။ ကွယ်လွန်သွားသည့် အသက် (၈၂) နှစ်အရွယ် နိုင်ငံရေးအကျဉ်းသူသည် ၂၀၂၃ ခုနှစ်အတွင်း ပုဒ်မ ၅၂ (က) ဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရသူဖြစ်ပြီး ဖမ်းဆီးခံရခြင်းမရှိမီကတည်းက ဗိုက်အောင့် ဝေဒနာ ခံစားနေရသူဖြစ်သည်။ ထောင်တွင်း၌ လုံလောက်သော ဆေးဝါးကုသခွင့်ရရှိရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရပြီး ရောဂါအခြေအနေ လွန်စွာဆိုးရွားလာသည့်အတွက် ပြီးခဲ့သည့် မေလတွင် ပြင်ပ ဆေးရုံသို့ ပြသခွင့် ရရှိခဲ့သော်လည်း ရောဂါကျွမ်းလွန်နေပြီဖြစ်သဖြင့် ဩဂုတ် ၁၃ ရက်နေ့တွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။ အာဏာသိမ်းပြီးနောက်ပိုင်း အကြောင်းအမျိုးမျိုးပြ၍ မတရား ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်း သူများသည် ထောင်တွင်း အာဟာရ ပြည့်ဝစွာမရရှိခြင်းနှင့် သန့်ရှင်းမှုမရှိခြင်းတို့ကြောင့် ပါးစောင် ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ ရင်သားကင်ဆာ အပါအဝင် အမျိုးသမီးဆိုင်ရာ ရောဂါများကို ပြင်းထန်စွာ ခံစားနေကြရကြောင်း WOPP က ထုတ်ပြန်ထားသည်။ လက်ရှိတွင် အကျဉ်းထောင်များအတွင်း ကင်ဆာရောဂါ ခံစားနေရသည့် နိုင်ငံရေးအကျဉ်းသူ ၈ ဦးခန့် ရှိလာပြီဖြစ်သော်လည်း ထောင်တွင်း၌ အချိန်မီ ဆေးဝါးကုသခွင့် မရရှိခြင်း၊ ပြင်ပဆေးရုံသို့ သွားရောက်ကုသခွင့် ပိတ်ပင်ခံရခြင်းနှင့် အချိန်ဆွဲ စောင့်ဆိုင်းခိုင်းခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆိုးရွားစွာ ရင်ဆိုင်နေကြရသည်။ ထို့ကြောင့် WOPPN အနေဖြင့် မတရား ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသူများ၏ လူ့အခွင့် အရေး ချိုးဖောက်ခံနေရမှုနှင့် လုံလောက်သည့် ဆေးဝါးကုသခွင့် ရရှိရေးအတွက် စဉ်ဆက်မပြတ် စောင့်ကြည့်လျက်ရှိပြီး ချွင်းချက်မရှိ ပြန်လည်လွတ်မြောက်လာသည်အထိ ဆက်လက် ရပ်တည် သွားမည်ဟု ထုတ်ပြန်ချက်တွင် အသိပေးထားသည်။ ဓာတ်ပုံ-လူမှုကွန်ရက် Post navigation သရက် – မင်းတုန်းလမ်းပိုင်းတွင် စစ်အုပ်စု၏ ထောက်ပံ့ရေးလမ်းကြောင်းကို PDF ဖြတ်တောက်၊ တစ်ပတ်အတွင်း တပ်ဖွဲ့ဝင် တစ်ဒါဇင် သေဆုံး မော်ဒယ် လုလုအောင်က “ချစ်တဲ့ သွေးချင်းမောင်နှမများအတွက် ခေးကြီးရဲ့ မေတ္တာရေကြည် တစ်ပေါက်” ဟုဆိုကာ ကရင်စစ်ဘေးရှောင်များအတွက် ကျပ်သိန်း ၄၀ လှူဒါန်း