PSM (News) ဩဂုတ် ၁၄၊ ၂၀၂၆ ကမ္ဘာ့ရေကြီးမှု အသိပေးစနစ် (GloFAS) ၏ မြေပုံအချက်အလက်များအရ စစ်ကိုင်းအထက်ပိုင်း၊ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းတို့တွင် စိုးရိမ်ရေမှတ်ထက် ကျော်လွန်၍ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်သည့် “အနီရောင်အဆင့်” အရေးပေါ် သတိပေးချက် ထုတ်ပြန်ထားသည်။ ဒေသအလိုက် သတိပေးချက်များအရ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကချင် ပြည်နယ် တောင်ပိုင်း၊ ရှမ်းမြောက်ရှိ လားရှိုးနှင့် သီပေါ၊ မဲခေါင်မြစ်ဝှမ်းဒေသရှိ ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းဆတ်တို့အပြင် ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ မောင်တောနှင့် ဘူးသီးတောင် ကမ်းရိုးတန်း မြစ်ဝှမ်းဒေသများတွင် ရေကြီး နိုင်ခြေ အလွန်မြင့်မားသည့် အနီရောင်အဆင့် ဖြစ်ပေါ်နေကြောင်း မြေပုံအချက် အလက်များအရ သိရသည်။ ထို့ပြင် ချင်းပြည်နယ်၊ မန္တလေး၊ မကွေး၊ ဧရာဝတီ၊ ပဲခူးနှင့် ရန်ကုန်တို့တွင်လည်း ရေကြီးနိုင်ခြေ အသင့်အတင့်မှ မြင့်မားသည့် လိမ္မော်ရောင်နှင့် အဝါရောင်အဆင့်များ သတ်မှတ်ထားသဖြင့် တောင်ကျရေနှင့် မြစ်ရေတက်မှုကို သတိပြုကြရန် လိုအပ်မည်ဖြစ်သည်။ မိုးလေဝသ ပညာရပ်များကို လေ့လာနေသူ ဦးဝင်းနိုင်၏ သုံးသပ်ချက်အရ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှ မုန်တိုင်းငယ်သည် အိန္ဒိယနိုင်ငံ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်သွားပြီဖြစ်ရာ ယခုနှစ် မုတ်သုံရာသီအတွင်း မြန်မာနိုင်ငံအတွက် ရေဘေးအန္တရာယ် ပိုမိုဆိုးရွားစေမည့် ဆိုင်ကလုန်း မုန်တိုင်းကြီးများ ဖြစ်ပေါ်ရန် အခွင့်အလမ်း နည်းပါးသွားပြီဖြစ်သည်။ သို့သော် မုန်တိုင်းအရှိန်ကြောင့် ရခိုင်၊ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ မွန်၊ ကရင်နှင့် တနင်္သာရီတို့တွင် မိုးရက်ဆက် ရွာသွန်းနိုင်ပြီး ကမ်းရိုးတန်းတစ်လျှောက် မိုးသက်လေပြင်းများ တိုက်ခိုက်နိုင်သည်ဟု ဆိုထားသည်။ မြစ်ရေကြီးမှု အခြေအနေများနှင့် ပတ်သက်၍ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ ဆိပ်သာ၊ ဟင်္သာတ၊ ဇလွန်၊ မြစ်ငယ်၊ ဘားအံနှင့် မဒေါက် မြို့တို့တွင် မြစ်ရေသည် စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေပြီး မင်းဘူး၊ မကွေးနှင့် ပြည်မြို့တို့တွင်လည်း နောက် ၂၄ နာရီအတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိ လာနိုင်ကြောင်း မိုး/ဇလ ၏ သတိပေးချက်များအရ သိရသည်။ အထူးသဖြင့် မြစ်မခမြစ်နှင့် လှိုင်မြစ်တစ်ကြောတွင် အနီရောင်အဆင့် သတ် မှတ်ထားပြီး မြစ်ရေ မြင့်တက်မှုသည် ပင်လယ်ဒီရေတက်ချိန်နှင့် တိုက်ဆိုင်နေသဖြင့် ဟင်္သာတ၊ ဇလွန်၊ ဓနုဖြူနှင့် အဖျောက် စသည့် ဒေသများတွင် ရေကြီးနိုင်ခြေ အလွန်မြင့်မားလျက်ရှိသည်။ ထိုကြောင့် အဆိုပါ မြို့နယ် ၁၂ ခုအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေ ထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာသို့ အရေးပေါ် ရွှေ့ပြောင်းကြရန်နှင့် ကြို တင်ပြင်ဆင်မှုများ ပြုလုပ်ထားကြရန် မိုးလေဝသအခြေအနေများကို စောင့်ကြည့်လေ့လာနေသူများက တိုက်တွန်းထားသည်။ ပင်လယ်ပြင် အခြေအနေတွင် မြန်မာ့ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်နာရီလျှင် မိုင် ၃၅ အထိ မိုးသက်လေပြင်းများ ကျရောက်နိုင်ပြီး လှိုင်းအမြင့် ၉ ပေမှ ၁၁ ပေအထိ ရှိနိုင်သည့်အတွက် ရေလုပ်သားများနှင့် ပင်လယ်ပြင် ခရီးသွားများအနေဖြင့် စက်လှေ၊ သင်္ဘောများ ထွက်ခွာခြင်း မပြုကြရန်လည်း အထူးသတိပေးထားသည်။ Post navigation ရခိုင်ပြည်နယ်အစပ် ဧရာဝတီတိုင်းအတွင်း ထိုးစစ်ဆင်လာသည့် စစ်အုပ်စု၏ တပ်မ-၆၆ နှင့် AA တပ်ဖွဲ့ဝင်များ အပြင်းအထန်တိုက်ပွဲဖြစ်ပွားပြီး လက်နက်နှင့် အလောင်းများ သိမ်းဆည်းရမိ သရက် – မင်းတုန်းလမ်းပိုင်းတွင် စစ်အုပ်စု၏ ထောက်ပံ့ရေးလမ်းကြောင်းကို PDF ဖြတ်တောက်၊ တစ်ပတ်အတွင်း တပ်ဖွဲ့ဝင် တစ်ဒါဇင် သေဆုံး