PSM (News) ဩဂုတ် ၁၄၊ ၂၀၂၆ အာဏာလု စစ်အုပ်စုသည် ရခိုင်ပြည်နယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်ရန်အတွက် ရခိုင်-ဧရာဝတီ နယ်စပ်အစပ်တွင် လေကြောင်း၊ ဒရုန်းနှင့် မြေပြင် လက်နက်ကြီး အများအပြားသုံးကာ အင်အား အလုံးအရင်းဖြင့် အပြင်းအထန် ထိုးစစ်ဆင်လျက်ရှိသည်။ ထိုသို့ထိုးစစ်ဆင်လာသည့် စစ်တပ်ကို အာရက္ခတပ်တော် (AA) က တန်ပြန်ထိုးစစ်ဖြင့် တိုက်ထုတ် ခဲ့ရာအထိ အခိုက်များစွာဖြင့် တပ်လန်ဆုတ်ခွာသွားပြီး ရုပ်အလောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း AA က ယမန်နေ့ ဩဂုတ် ၁၃ ရက် တွင် ထုတ်ပြန်ထားသည်။ အာဏာလု စစ်အုပ်စုသည် ရခိုင်ပြည်နယ်နှင့် ထိစပ်နေသည့် တိုင်း သုံးတိုင်း (ဧရာ၀တီ၊ မကွေး၊ ပဲခူး)နှင့် ပြည်နယ် တစ်ခု (ချင်း)တို့မှတစ်ဆင့် ရခိုင်ပြည်နယ်အတွင်းသို့ ဝင်ရောက်နိုင်ရန် နည်းလမ်းမျိုးစုံသုံး၍ နှစ်နှစ်နီးပါးခန့် ထိုးစစ်ဆင်နေခဲ့ခြင်းဖြစ်ပြီး ယခုရက်ပိုင်းအတွင်း ရခိုင်-ဧရာဝတီ အစပ်နေရာများတွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း သိရသည်။ AA သည် ပြီးခဲ့သည့် ဩဂုတ် ၁၂ ရက်နေ့က ဧရာဝတီတိုင်း သာပေါင်းမြို့နယ်၊ သာပေါင်းကလေး ကျေးရွာ အရှေ့ဘက် မီတာ ၁၀၀၀ ခန့်အကွာတွင် ထိုးစစ်ဆင်လာသည့် တပ်မ (၆၆) လက်အောက်ခံ ခလရ-၁၀၁ တပ်ရင်းကို နံနက် ၆ နာ ၃၀ မိနစ် မှ နံနက် ၉ နာရီ ၃၀ မိနစ်ကျော်အထိ ၃ နာရီကြာ ပြန်လည် ခုခံတိုက်ခိုက်ခဲ့သည်။ အာဏာလု စစ်တပ်ဘက်က လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီး ပစ်ကူများ အမြားအပြား သုံးစွဲခဲ့သော်လည်း AA ၏ တန်ပြန်ထိုးစစ်ကြောင့် အထိအခိုက် အကျအဆုံးများစွာဖြင့် တပ်လန်ကာ ထွက်ပြေးဆုတ်ခွာသွားခဲ့ကြာင်း AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အလားတူ ဩဂုတ် ၁၂ ရက်နေ့တွင်ပင် ရေကြည်မြို့နယ်၊ ပွိင့် (၁၀၁) ကုန်း အနီးဝန်းကျင်နေရာ နှစ် ခုနှင့် အနီးနားရှိ မလှမ်းမကမ်းနေရာများတွင် တပ်မ (၆၆) လက်အောက်ခံ ခလရ-၁ နှင့် ၁၁ တပ်ရင်းများ အပါအဝင် စစ်တပ် စစ်ကြောင်းများကို AA က အောင်မြင်စွာ တိုက်ထုတ်နိုင်ခဲ့သည်။ ထို့ကြောင့် ယင်းနေ့ တစ်ရက်တည်းမှာပင် ဧရာဝတီတိုင်းနယ်စပ်တစ်လျှောက် နေရာ ငါး နေရာတွင် တစ်နေ့ကုန်နီးပါး တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး AA စစ်ကြောင်းများက နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် စစ်တပ်၏ ရုပ်အလောင်းများနှင့် စစ်သုံးလက်နက် ခဲယမ်းများစွာကို သိမ်းဆည်းရမိခဲ့သည်။ အာဏာလု စစ်အုပ်စု၏ အင်အားအလုံးအရင်း ထိုးစစ်များကို လေကြောင်းအန္တရာယ်ကြားမှ တည်ငြိမ်စွာဖြင့် တန်ပြန်ဆုတ်ခွာသွားသည်အထိ ရဲရင့်စွာ တိုက်ပွဲဝင်ခဲ့သည့် AA တပ်ဖွဲ့ဝင်များကို မှတ်တမ်းတင် ဂုဏ်ပြုကြောင်း အာရက္ခတပ်တော် (AA) စစ်ရုံးချုပ်က ထုတ်ပြန်ထားသည်။ ဓာတ်ပုံ-AA Info Desk ပုံစာ-ဩဂုတ် ၁၂ ရက်နေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း သိမ်းဆည်းရမိခဲ့သော စစ်သား အလောင်းအချိုနှင့် လက်နက်ခဲယမ်းအချို့ Post navigation ဂွ၊ သံတွဲနှင့် ဆမီးမြို့တို့ကို စစ်အုပ်စု လေကြောင်းမှ ဗုံးကြဲ၊ ကျောင်းသူတစ်ဦး အပါအဝင် သေဆုံးသူ ၁၇ ဦးအထိ ရှိလာ စစ်ကိုင်း၊ ကချင်၊ ရှမ်းနှင့် ရခိုင်တို့တွင် ရေကြီးနိုင်သည့် အနီရောင်အဆင့် သတိပေးထား၊ မြို့နယ် ၁၂ ခု၌ မြစ်ရေစိုးရိမ်ရေမှတ် ကျော်လွန်နေ၍ ရွှေ့ပြောင်းကြရန် အရေးပေါ် နှိုးဆော်