PSM (News

ဩဂုတ် ၁၃၊ ၂၀၂၆

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်နှင့် သံတွဲမြို့နယ်တို့အပါအဝင် ချင်းပြည်နယ်၊ ဆမီးမြို့ရှိ အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများကို အာဏာလုစစ်အုပ်စုက ဂျက်တိုက်လေယာဉ်များဖြင့် ညအချိန် အဓိကထား ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ အရပ်သား သေဆုံးသူ ၁၇ ဦးအထိ ရှိလာကြောင်း အာရက္ခတပ်တော် (AA) က ယနေ့ ဩဂုတ် ၁၃ ရက်တွင် ထုတ်ပြန်ထားသည်။

အာဏာလု စစ်တပ်သည် ယမန်နေ့ ဩဂုတ် ၁၂ ရက် ည ၉ နာရီခန့်က ဂွမြို့နယ်၊ ကိုင်းခုံကျေးရွာကို ဂျက်တိုက်လေယာဉ်တစ်စင်းဖြင့် နှစ်ကြိမ်တိုင်တိုင် ဗုံး လေးလုံး ကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိသော်လည်း လူနေအိမ် ခုနစ် လုံး ထိခိုက်ပျက်စီးခဲ့သည်။

အလားတူ ဩဂုတ် ၁၀ ရက်နေ့ကလည်း သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်တွင်လည်း နောက်ဆုံးရရှိသည့် သတင်းများအရ အပြစ်မဲ့ အရပ်သား သေဆုံးသူ ၁၆ ဦးအထိ မြင့်တက်လာပြီး ဒဏ်ရာရရှိသူ ၁၈ ဦး ရှိကြောင်း သိရသည်။

အာဏာလုစစ်အုပ်စုသည် ယမန်နေ့ ဩဂုတ် ၁၂ ရက် ည ၁၁ နာရီ၃၀ခန့်ကလည်း ရခိုင်ပြည်နယ်နှင့် နယ်မြေချင်း ထိစပ်နေသည့် ချင်းပြည်နယ်၊ ဆမီးမြို့ရှိ ပြည်သူများနေထိုင်ရာ ရပ်ကွက်များကို မိနစ် ၁၅ ကြာ လာရောက် ဗုံးကြဲခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ဆမီးမြို့၊ ရပ်ကွက် (၂) မှ ဦးနိုင်တင်း၏ နေအိမ်ပေါ်သို့ ဗုံးသီး ကျရောက် ပေါက်ကွဲခဲ့ပြီး သမီးဖြစ်သူ မထွေးမေ အသက် (၁၆) နှစ်အရွယ်မှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး မိဘနှစ်ပါးနှင့် အသက် ၁၂ နှစ်အရွယ် သားသုံးဦးစလုံး ဒဏ်ရာရရှိခဲ့သည်။ ယင်းအပြင် ဆမီးမြို့အဝင်ဝ အနီးဝန်းကျင်မှ အပြစ်မဲ့ ပြည်သူ လေး ဦးလည်း ဗုံးစထိမှန် ဒဏ်ရာများ ရရှိခဲ့ကြသည်။

အာဏာလု စစ်တပ်သည် ရှေ့တန်းစစ်မျက်နှာများတွင် ပျက်စီးဆုံးရှုံးမှုများပြားနေချိန်၌ စစ်ရေးနှင့် မသက် ဆိုင်သည့် အရပ်သားပြည်သူများနှင့် လူနေအိမ်များကို အဆင်အခြင်မဲ့စွာ အငြိုးအတေးဖြင့် လေကြောင်းမှ ဆက်လက် ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်ကြောင်း AA ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-AA Info Desk

ပုံစာ-ဩဂုတ် (၁၂) ရက်နေ့တွင် ဆမီးမြိုအား စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည့် ပြည်သူများ။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *