PSM (News)

သြဂုတ်လ ၁၄၊ ၂၀၂၆

တရုတ်-ကမ္ဘောဒီးယား စီးပွားရေးလုပ်ငန်းရှင် ချန်ကျီ နှင့် ဆက်စပ်နေသည့် ပိုင်ဆိုင်မှု ဘတ်သန်း ၁၁၅ ကျော်ကို ထိုင်းနိုင်ငံက ဆက်လက် သိမ်းဆည်းရန် ဆောင်ရွက်လျက်ရှိသည်။

ငွေကြေးခဝါချမှု တိုက်ဖျက်ရေးရုံး (AMLO) က ကြာသပတေးနေ့တွင် ပြောကြားရာ၌ ၎င်း၏ ငွေကြေးဆိုင်ရာ အကျပ်အတည်း စုံစမ်းစစ်ဆေးရေး ကော်မတီက ငွေသား၊ ရွှေထည်ပစ္စည်းများ၊ အဆောက်အအုံပါ မြေကွက်များနှင့် ဒစ်ဂျစ်တယ် ပိုင်ဆိုင်မှုများ အပါအဝင် ပိုင်ဆိုင်မှု ၄၃၁ ခုကို ထပ်မံသိမ်းဆည်းရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ယခင်ကလည်း AMLO သည် လုပ်ငန်းရှင် ချန်ကျီနှင့် ဆက်စပ်နေသည့် အခြားသော ပိုင်ဆိုင်မှု ဘတ် ၃၄၅ သန်း ዋန်ဖိုးကို သိမ်းဆည်းခဲ့ပြီးဖြစ်ကာ အဆိုပါ သိမ်းဆည်းမှုကို တရားရုံးချုပ် က စဉ်းစားသုံးသပ်လျက်ရှိသည်။ ယခုအခါ ထိုင်းနိုင်ငံအတွင်းရှိ အဆိုပါ တရုတ်လူမျိုး စီးပွားရေးလုပ်ငန်းရှင်ထံမှ သိမ်းဆည်းရမိသည့် စုစုပေါင်း ပိုင်ဆိုင်မှုမှာ ဘတ်သန်း ၄၆၀ သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

အသက် ၃၈ နှစ်အရွယ်ရှိ မစ္စတာ ချန်သည် ကမ္ဘောဒီးယားနိုင်ငံအခြေစိုက် Prince Group ကုမ္ပဏီကြီး၏ တည်ထောင်သူ ဖြစ်သည်။ ၎င်းကုမ္ပဏီသည် နိုင်ငံပေါင်း ၃၀ ကျော်တွင် ငွေကြေးဝန်ဆောင်မှုများနှင့် အိမ်ခြံမြေလုပ်ငန်းများ အပါအဝင် ကျယ်ပြန့်သော လုပ်ငန်းများကို လုပ်ကိုင်ခဲ့သည်။

သို့သော်လည်း တရုတ်နိုင်ငံနှင့် အခြားသော အာဏာပိုင်များက အဆိုပါ အုပ်စုသည် ကျယ်ပြန့်လှသည့် အွန်လိုင်း ငွေလိမ်လည်မှု ကွန်ရက်များနှင့် ဆက်စပ်နေကြောင်း ပြောကြားခဲ့ကြသည်။

အမေရိကန်နိုင်ငံကလည်း အဆိုပါ ကုမ္ပဏီအုပ်စုကို အရေးယူပိတ်ဆို့မှုများ ပြုလုပ်ခဲ့ပြီး မစ္စတာ ချန်သည် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု အဖွဲ့အစည်းများ၏ နောက်ကွယ်မှ ကြိုးကိုင်ခြယ်လှယ်နေသူ ဖြစ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးလိုနေသည်။

အွန်လိုင်းငွေလိမ်လည်မှု ကွန်ရက်များကို ကြိုးကိုင်ခြယ်လှယ်မှု၊ လိမ်လည်မှု ကျူးလွန်မှုနှင့် ရာဇဝတ်မှုဆိုင်ရာ ရန်ပုံငွေများကို ဖုံးကွယ်မှုတို့ဖြင့် စွပ်စွဲခံထားရသူ ရှင်သည် ဇန်နဝါရီလအတွင်းက ကမ္ဘောဒီးယားနိုင်ငံမှ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်ခြင်း ခံခဲ့ရသည်။

အစိုးရများစွာကလည်း မစ္စတာ ချန်၏ ပိုင်ဆိုင်မှုများကို သိမ်းဆည်းခဲ့ကြပြီး လွန်ခဲ့သည့် လအနည်းငယ်က ဟောင်ကောင်တွင် ဟောင်ကောင်ဒေါ်လာ ၉ ဘီလီယံတန်ဖိုးရှိ ပိုင်ဆိုင်မှုများနှင့် ပစ္စည်းများကို သိမ်းဆည်းခဲ့သည်။

ဇူလိုင်လနှောင်းပိုင်းတွင် တရုတ်နိုင်ငံမှ တရားလိုရှေ့နေများက မစ္စတာ ချန် ရင်ဆိုင်နေရသော စွဲချက်များစာရင်းတွင် ရည်ရွယ်ချက်ရှိရှိဖြင့် ကိုယ်ထိလက်ရောက် ထိခိုက်ဒဏ်ရာရစေမှု စွဲချက်ကို ထပ်မံဖြည့်စွက်ခဲ့သည်။ ၎င်းကို မည်သည့်အချိန်တွင် ရုံးတင်စစ်ဆေးမည်ကိုမူ မသိရသေးပေ။

ကိုးကား- Bangkok Post

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *