PSM (News)

ဧပြီ ၁၄ ၊ ၂၀၂၆

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ လေးကေစခန်းမှ စခန်းစွန့်ခွာထွက်ပြေးသွားသော စစ်ကော်မရှင် တပ်သားများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့ သင်္ကြန်အကြိုနေ့တွင် လိုက်လံပိတ်ဆို့ ချေမှုန်းရာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၇ ဦး သေဆုံးပြီး ၂ ဦး အရှင်ဖမ်းဆီးရမိခဲ့ကြောင်း အထူးတိုင်း စစ်ဌာနက ထုတ်ပြန်သည်။

ယမန်နေ့ ဧပြီ ၁၃ ရက်နေ့ လိုက်လံရှင်းလင်းတိုက်ခိုက်မှုအတွင်း MA ရိုင်ဖယ်မျိုးစုံ ၈ လက်၊ MA2 စက်လက် ၁ လက်အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်များနှင့်အတူ ၅.၅၆ ကျည် ၁၂၀၀ တောင့်၊ ငါးကြင်းမြီးကျည် ၂၀၀ တောင့်၊ လက်ပစ်ဗုံး ၅ လုံးနှင့် စစ်သုံးပစ္စည်းများကိုပါ ထပ်မံသိမ်းဆည်း ရမိခဲ့ခြင်းဖြစ်သည်။

ဘီးလင်းမြို့နယ်ရှိ လေးကေစခန်းကုန်းကို ဧပြီ ၁၂ ရက် နံနက်ပိုင်းတွင် တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါတိုက်ပွဲအတွင်း စစ်ကော်မရှင် ဘက်မှ ဒုတပ်ရင်းမှူး အောင်သော်အပါအဝင် အရာရှိ ၂ ဦးကို အရှင်ဖမ်းမိကာ စစ်သား ၁၃ ဦး သေဆုံးခဲ့ကြောင်း အထူးတိုင်းစစ်ဌာန၊ နည်းဗျူဟာ ၃၇ က အတည်ပြုထားသည်။

လေးကေစခန်းသိမ်းတိုက်ပွဲကို KNU/KNLA တပ်မဟာ (၁)၊ KNDO၊ ABSDF နှင့် အထူးတိုင်းစစ်ဌာန လက်အောက်ခံတပ်ရင်းများ၊ ဒရုန်းတပ်ဖွဲ့ပေါင်းစုံအပါအဝင် တော်လှန်ရေးအင်အားစုများက ဟန်ချက် ညီညီ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ-အထူးတိုင်းစစ်ဌာန

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *