PSM(News) ဧပြီ ၁၃၊ ၂၀၂၆ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်နှင့် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တို့ရှိ စစ်ကော်မရှင်၏ အထိုင်စခန်းနှစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာနနှင့် ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များက အပြီး သတ် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ယမန်နေ့ ဧပြီ ၁၂ ရက်တွင် သတင်းထုတ်ပြန်သည်။ #ရွှေကျင်မြို့နယ်၊ လက်ယက်စခန်းသိမ်းတိုက်ပွဲ စစ်တောင်းမြစ်ဝှမ်းရှိ စစ်ကော်မရှင်၏ လက်ယက်စခန်း (ပွိုင့် ၁၂၈ စခန်း) ကို ဧပြီ ၄ ရက်မှစတင်ကာ အထူးတိုင်းစစ်ဌာန၊ SOF၊ ရန်ကုန်တိုင်းနှင့် ပဲခူးခရိုင် ပကဖ တိုက်ခိုက်ရေးစစ်ကြောင်းများ၊ KNLA တပ်ရင်း (၇) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ဧပြီ ၇ ရက် နံနက်ပိုင်းတွင် စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကော်မရှင်တပ်သား ၈ လောင်း နှင့်အတူ ဂျန်မာ(Jammer)စက်များ၊ မီးစက်များနှင့် MA ရိုင်ဖယ်များအပါအဝင် လက်နက်ခဲယမ်း အမြောက်အမြားကို သိမ်းဆည်းရမိခဲ့သည်။ အဆိုပါတိုက်ပွဲတွင် စစ်ကော်မရှင်ဘက်မှ ၃၀ ဦးခန့် ဒဏ်ရာရရှိကာ စခန်းစွန့်ခွာ ထွက်ပြေးသွားကြောင်း သိရသည်။ #ဘီးလင်းမြို့နယ်၊ လေးကေစခန်းသိမ်းတိုက်ပွဲ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ လေးကေစခန်းကိုလည်း ဧပြီ ၇ ရက်မှ ၁၂ ရက်အထိ ခြောက်ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ယမန်နေ့ ဧပြီ ၁၂ ရက် နံနက်ပိုင်းတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။ အဆိုပါတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်မှ ဒုတပ်ရင်းမှူး အောင်သော်နှင့် အခြားဆင့်တစ်ဦးကို အရှင်ဖမ်းဆီးရမိခဲ့ပြီး ၅ ဦး သေဆုံးကာ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ လေးကေစခန်းအတွင်းမှ ငါးကြင်းမြီး စက်သေနတ်ကြီး၊ ၆၀ မမ လက်နက်ကြီး၊ ဂျန်မာစက် ၃ လုံး၊ ဆက်သွယ်ရေးစက်များနှင့် ခဲယမ်းအမြောက်အမြားကို သိမ်းဆည်းရမိခဲ့သည်။ ယင်းစစ်ဆင်ရေးကို KNU/KNLA တပ်မဟာ (၁)၊ KNDO၊ ABSDF နှင့် အထူးတိုင်းစစ်ဌာနလက်အောက်ခံ တပ်ရင်းများ၊ ဒရုန်းတပ်ဖွဲ့ပေါင်းစုံက ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ အထူးတိုင်းစစ်ဌာနအနေဖြင့် အမှတ် (၁) စစ်ဆင်ရေးနယ်မြေအတွင်း စစ်ကော်မရှင်တပ်များကို ဟန်ချက် ညီညီ ထိုးစစ်ဆင်လျက်ရှိပြီး ယခုသိမ်းပိုက်ရရှိသည့် စခန်းနှစ်ခုစလုံးသည် စစ်ရေးအရ အရေးပါသော အထိုင်စခန်းများဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။ ဓာတ်ပုံ-အထူးတိုင်းစစ်ဌာန Post navigation မြန်မာပြည်သူတို့၏ ရဲစွမ်းသတ္တိကို အမေရိကန် ချီးကျူး၊ ပဋိပက္ခချုပ်ငြိမ်းရေး ဆက်လက်ကူညီမည်ဟု ကတိပြု ဘီးလင်း လေးကေစခန်းမှ ထွက်ပြေးသည့် စစ်ကော်မရှင်တပ်သားများကို လိုက်လံချေမှုန်းရာ ၇ ဦးသေဆုံးပြီး ၂ ဦး အရှင်မိ၊ လက်နက်ခဲယမ်းများ ထပ်မံသိမ်းဆည်းရမိ