PSM (News)

ဩဂုတ် ၁၃၊ ၂၀၂၆

မြန်မာစစ်တပ်သည် အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ တိုက်ခိုက်ခြင်း၊ မတရားဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ကျူးလွန်လျက်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ၏ ဩဂုတ်လ၁၁ရက်နေ့ ထုတ်ပြန်သော နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြလိုက်သည်။

၂၀၂၅ ခုနှစ် ဇူလိုင် ၁ ရက်မှ ၂၀၂၆ ခုနှစ် ဇွန် ၃၀ ရက်အထိ ကာလကို လွှမ်းခြုံထားသည့် အဆိုပါ အစီရင်ခံစာအရ မြန်မာစစ်တပ်သည် ယခုနှစ် ဇန်နဝါရီလက ပြီးစီးခဲ့သည့် ရွေးကောက်ပွဲ မတိုင်မီကာလမှစ၍ အရပ်သားများအပေါ် လေကြောင်းတိုက်ခိုက်မှုများနှင့် အခြားသော ရာဇဝတ်မှုများကို သိသိသာသာ တိုးမြှင့်လုပ်ဆောင်ခဲ့ပြီး ယခုအချိန်အထိ ဆက်လက် ကျူးလွန်နေဆဲဖြစ်ကြောင်း သိရသည်။

IIMM ခေါင်းဆောင် နစ်ကိုလက်စ် ကူဂျန်က “ကျွန်ုပ်တို့ စုဆောင်းထားသော သက်သေအထောက်အထားတိုင်းနောက်တွင် ဤရာဇဝတ်မှုများကြောင့် အသက်ဘဝများ ပျက်စီးခဲ့ရသူများ ရှိနေပါတယ်။ မြန်မာနိုင်ငံတစ်ဝန်းရှိ လူမှုအသိုက်အဝန်းများသည် အကြမ်းဖက်မှု အန္တရာယ်ကို အမြဲရင်ဆိုင်နေရရုံသာမက ၎င်းတို့ ခံစားခဲ့ရသည့် ဒဏ်ရာဒဏ်ချက်များကိုလည်း ဆက်လက် ခံစားနေကြရပါတယ်” ဟု ပြောကြားခဲ့သည်။

ထို့ပြင် တာဝန်ရှိသူများကို တရားစီရင်ရန် အရေးတကြီး လိုအပ်နေကြောင်း ၎င်းက အလေးပေး ပြောဆိုခဲ့သည်။

အစီရင်ခံစာတွင် နေအိမ်များ၊ ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေး အဆောက်အအုံများနှင့် ပြည်တွင်းနေရပ်စွန့်ခွာသူ (IDP) စခန်းများကို ပစ်မှတ်ထားသော လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုနှင့် ပျက်စီးဆုံးရှုံးမှုများကို စုံစမ်းဖော်ပြထားသည်။

အထူးသဖြင့် စစ်တပ်သည် ပါရာမိုတာများနှင့် ဒရုန်းများကို ပိုမိုအသုံးပြုလာခြင်းကြောင့် တိုက်ခိုက်မှုများကို ကြိုတင်သိရှိရန် ခက်ခဲစေပြီး အရပ်သားများအနေဖြင့် ထွက်ပြေးတိမ်းရှောင်ရန် အချိန်အလွန်နည်းပါးစေကြောင်း ဖော်ပြထားသည်။

ယန္တရားအနေဖြင့် ဤတိုက်ခိုက်မှုများတွင် ပါဝင်သည့် စစ်တပ်၏ တပ်ဖွဲ့ဝင်အချို့ကိုလည်း ဖော်ထုတ်နိုင်ခဲ့သည်။

ထို့အပြင် စစ်တပ် ထိန်းချုပ်ထားသော ထိန်းသိမ်းရေးစခန်းများတွင် မတရားဖမ်းဆီးမှု၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကျူးလွန်ခဲ့သည့် ကျယ်ပြန့်သော သက်သေအထောက်အထားများကို စုဆောင်းရရှိခဲ့သည်။ ၂၀၂၅ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲကို ဝေဖန်ခြင်း တားမြစ်သည့် ဥပဒေအရ လူအများအပြား ဖမ်းဆီးခံခဲ့ရပြီး လူမှုကွန်ရက်တွင် ဝေဖန်ရေးသားမှုများအတွက်ပင် ထောင်ဒဏ် ၂၀ နှစ်အထိ သို့မဟုတ် သေဒဏ်အထိ ချမှတ်ခံရနိုင်သည့် အခြေအနေ ရှိနေသည်။

IIMM သည် မြန်မာလုံခြုံရေးတပ်ဖွဲ့များနှင့် မဟာမိတ်အဖွဲ့များ၏ ရာဇဝတ်မှုများကို အဓိကထား စုဆောင်းနေသော်လည်း စစ်တပ်ကို ဆန့်ကျင်နေသော လက်နက်ကိုင်အဖွဲ့များ ကျူးလွန်သည်ဆိုသည့် အဓိက ရာဇဝတ်မှုများကိုလည်း စုံစမ်းစစ်ဆေးလျက် ရှိသည်။

ယန္တရားသည် သတင်းရင်းမြစ် ၁,၆၀၀ ကျော်ထံမှ သက်သေခံချက် ၇၅၀ ကျော်အပြင် ဓာတ်ပုံ၊ ဗီဒီယို၊ အသံဖိုင်၊ မြေပုံ၊ ဂြိုလ်တုဓာတ်ပုံနှင့် မှုခင်းဆေးပညာဆိုင်ရာ အထောက်အထား သန်း ၂၈ ကျော်ကို စုဆောင်းထားပြီးဖြစ်သည်။

ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) နှင့် အာဂျင်တီးနားနိုင်ငံတို့အပါအဝင် တရားမျှတမှုကို ရှာဖွေနေသည့် အာဏာပိုင်များနှင့် သက်သေအထောက်အထားများကို ဆက်လက် မျှဝေလျက်ရှိသည်။ ထို့အပြင် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားသည့် The Gambia v. Myanmar အမှုအတွက်လည်း လိုအပ်သော သက်သေအထောက်အထားများနှင့် ခွဲခြမ်းစိတ်ဖြာချက်များကို ကျယ်ကျယ်ပြန့်ပြန့် ပံ့ပိုးပေးလျက်ရှိသည်။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *