PSM (News) ဩဂုတ် ၁၂၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ဆည်အတွင်းမှ အာဏာလု စစ်တပ်က ရေဖောက်ချ ခဲ့မှုကြောင့် ဆည်အောက်ပိုင်း အညာဒေသ မြို့နယ် ၁၁ ခုတွင် ကျေးရွာပေါင်း ၂၀၀ ကျော် ရေလွှမ်းမိုးခံရပြီး အရပ်သား ၂၄ ဦး သေဆုံးကာ ၂၁၃,၇၂၅ ဦး ရေဘေးသင့်ခဲ့ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၏ အချက်အလက်များအရ သိရသည်။ မိုးသည်းထန်စွာ ရွာသွန်းပြီး ရုတ်တရက် ဆည်ရေကျလာမှုကြောင့် ကျွန်းလှမြို့နယ်တွင် ၈ ဦး၊ ဒီပဲယင်းမြို့နယ်တွင် ၇ ဦး၊ ကောလင်းမြို့နယ်တွင် ၄ ဦး၊ တန့်ဆည်မြို့နယ်တွင် ၂ ဦးနှင့် ရွှေဘို၊ ကန့်ဘလူ၊ ခင်ဦးမြို့နယ်တို့တွင် ၁ ဦးစီ အသီးသီး သေဆုံးခဲ့ရပြီး ကောလင်းမြို့နယ်မှ ၂ ဦး ပျောက်ဆုံးလျက် ရှိကြောင်း NUG ၏ ထုတ်ပြန်ချက်အရ သိရသည်။ ရေဘေးဒဏ်ကို အဆိုးဝါးဆုံး ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အဓိက မြို့နယ် ၁၁ ခုမှာ ရွှေဘို၊ ဒီပဲယင်း၊ ကန့်ဘလူ၊ ကောလင်း၊ အရာတော်၊ တန့်ဆည်၊ ခင်ဦး၊ ဝက်လက်၊ ရေဦး၊ ဗန်းမောက်နှင့် ကျွန်းလှတို့ ဖြစ်ပြီး ဆည်၏ ရေဖျားပိုင်းနှင့် နီးကပ်စွာ တည်ရှိသော တန့်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာ ၂၀ ကျော်မှာ ပြင်ဆင်ချိန် မရရှိဘဲ ရေကြီးမှုဒဏ်ကို ဆိုးဆိုးရွားရွား အစောဆုံး ရင်ဆိုင်ခဲ့ရကြောင်း စစ်ဘေးရှောင် ကူညီရေး ဆောင်ရွက်နေသူများထံမှ သိရသည်။ “အဓိက ဆိုးဆိုးရွားရွား ခံရတာက မူးမြစ်ကမ်းဘေးမှာရှိတဲ့ စစ်ရှောင်စခန်းတွေပါ။ ရေလုံးရေရင်း ကျလာတာဖြစ်တဲ့အတွက် အိမ်တွေ၊ လှည်းတွေ၊ နွားတွေ မူးမြစ်ထဲ အကုန်ပါသွားတယ်။ လူပဲ ကျန်ခဲ့တာ။ ဒီလိုဖြစ်စဉ်မျိုးက ၁၅ နှစ်လောက်မှ တစ်ခါ ဖြစ်တာဆိုတော့ ကယ်ဆယ်ရေးအတွက် လှေနဲ့ ဖောင်တွေ မရှိထားလို့ ကူညီရေးဆင်းဖို့ အလွန်ခက်ခဲခဲ့ပါတယ်” ဟု စစ်ဘေးရှောင် ကူညီရေး ဆောင်ရွက်နေသူတစ်ဦးက PSM ကိုပြောသည်။ စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် သဖန်းဆိပ် ဆည်အတွင်း သိုလှောင်ပမာဏထက် ရေအဝင်လွန်ကဲလာခဲ့ခြင်းဖြစ်ပြီး အဆိုပါဒေသကို ထိန်းချုပ် ထားသည့် အာဏာလု စစ်တပ်က ဩဂုတ်လ ၆ ရက်နေ့တွင် ဆည်ရေတံခါးများကို စတင်ဖွင့်ချခဲ့ ခြင်းဖြစ်သည်။ ဆည်မှ လွှတ်ထုတ်လိုက်သည့် ရေအမြောက်အမြားနှင့် ဆည်အောက်ပိုင်း မူးမြစ်အတွင်းသို့ တိုက်ရိုက်စီးဝင်သည့် ချောင်းရေများ ပေါင်းဆုံသွားခြင်းကြောင့် မူးမြစ်နှင့် ကင်းတပ်ဆည်-ရွှေဘိုမူး ဘောင်ကြားရှိ ကျေးရွာများအတွင်းသို့ ရေအလုံးအရင်း စီးဝင်ရေမြုပ်ခဲ့ရခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းများ ဖော်ပြပေးနေသည့် Infinity Group မှ သိရသည်။ “သဖန်းဆိပ်ဆည်ကို အာဏာလု စစ်တပ်က ထိန်းချုပ်ထားတာဆိုတော့ ရေဘယ်လောက် ပမာဏ လွှတ်ချသလဲဆိုတာ အတိအကျ မသိရဘူး။ အထက်ပိုင်း မိုးများလို့ ရေအဝင်များပြီး ဆည်ရေ မထိန်းနိုင်တော့လို့ ရေလွှတ်ချတာပါ။ ဆည်အောက်ဘက်က မူးမြစ်ထဲ တိုက်ရိုက်ဝင်တဲ့ ချောင်းတွေ ကလည်း ရေတအားများတော့ နှစ်ခုဆုံပြီး ရေကြီးသွားတာ ဖြစ်ပါတယ်” ဟု nfinity Group မှ တာဝန်ရှိသူက PSM ကို ပြောသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာန၏ နောက်ဆုံးရ ကောက်ယူရရှိထားသည့် စာရင်းများအရ စစ်ကိုင်း၊ မန္တလေး၊ မကွေးနှင့် ဧရာဝတီတိုင်းတို့ရှိ မြို့နယ် ၂၀ တွင် ရေလွှမ်းမိုးမှုများ ဆက်လက်ဖြစ်ပေါ်နေပြီး ရေဘေးသင့်သူ စုစုပေါင်း ၄၅၂,၁၆၃ ဦး အထိ တိုးမြင့်လာကြောင်း သိရသည်။ စိုက်ပျိုးမြေ ဧကပေါင်း ၄၄,၃၇၀ ကျော် လည်း ရေနစ်မြုပ် ပျက်စီးခဲ့ရသည်။ ထို့ပြင် လာမည့် ဩဂုတ်လ ၁၃ ရက်နေ့တွင်လည်း ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း ထပ်မံဖြစ်ပေါ်လာနိုင်ပြီး မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းပါက ဆည်များမှ ရေထပ်မံဖောက် ထုတ်ရဖွယ် ရှိသဖြင့် မြစ်ကမ်းဘေးနှင့် မြေနိမ့်ပိုင်းနေ ပြည်သူများအနေဖြင့် ရေဘေးလွတ်ရာသို့ ကြိုတင်ရွှေ့ပြောင်းကြရန် NUG က သတိပေးနှိုးဆော်ထားသည်။ ဓာတ်ပုံ- CJ ၊ NUG Post navigation တီမောသမ္မတ၏ ဖိတ်ကြားချက်ဖြင့် NUG စေလွှတ်သည့် မြန်မာအားကစားအဖွဲ့ ဒီလီမာရသွန် ပြိုင်ပွဲတွင် ပထမဆုရ၊ တီမောသမ္မတနှင့် သီးသန့်တွေ့ဆုံ မြန်မာစစ်တပ်၏ အရပ်သားများအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုများကို လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ဖော်ထုတ်