PSM (News) ဩဂုတ် ၁၃၊ ၂၀၂၆ ရန်ကုန်မြို့လယ် မြို့နယ်အချို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (ကာလဝမ်း) ရောဂါ ကူးစက်ပြန့်ပွားမှု ဖြစ်ပွားနေရာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာသည့် လူနာဦးရေ ၁၈၀ ကျော်အထိ မြင့်တက် လာနေပြီး အသက် (၉၂) နှစ်အရွယ် သက်ကြီးပိုင်း လူနာတစ်ဦး သေဆုံးသွားခဲ့ကြောင်း အာဏာလု စစ်အုပ်စု၏ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် ဩဂုတ် ၉ ရက်မှ ၁၁ ရက်နေ့အထိ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဝမ်းပျက်ဝမ်းလျှော လူနာ ၉၈ ဦး ရောက်ရှိခဲ့ပြီးနောက် ယမန်နေ့ ဩဂုတ် ၁၂ ရက်နေ့ တစ်ရက်တည်းတွင် လူနာသစ် ၈၄ ဦး ထပ်မံရောက်ရှိခဲ့သည်။ အဆိုပါ လူနာများအနက် ပြင်းထန် ဝမ်းပျက်ဝမ်းလျှော ရောဂါပိုးတွေ့ရှိသူ ၅၄ ဦးထက်မနည်း ရှိနေပြီး ဆေးရုံတက်ရောက် ကုသမှုခံယူနေရသူ အများအပြား ရှိနေကြောင်း သိရသည်။ အလားတူ ရန်ကုန်ပြည်သူ့ဆေးရုံကြီးအတွင်း ကူးစက်မှု ထိန်းချုပ်နိုင်ရန်အတွက် လူနာဧည့်တွေ့ခွင့် များကို ကန့်သတ်ထားပြီး ပြင်ပမှ ချက်ပြုတ်ထားသော ထမင်းဘူးနှင့် ဟင်းများ လာရောက်လှူဒါန်း မှုကိုလည်း ယာယီပိတ်ပင် တားမြစ်ထားသည်။ ထိုသို့ ပိတ်ပင်လိုက်ခြင်းကြောင့် ဆေးရုံတက်ရောက် နေရသည့် ဆင်းရဲချို့တဲ့သူ လူနာများနှင့် လူနာစောင့်များအတွက် အခက်အခဲများ ကြုံတွေ့နိုင်ကြောင်း မြေပြင်တွင် ကူညီပေးနေသူများ ထံမှသိရသည်။ “ဆေးရုံမှာ လာတက်ကြတဲ့ လူနာအချို့က တကယ်ကို ချို့ချို့တဲ့တဲ့နဲ့ စားစရာ မရှိကြဘူး။ လူနာစောင့် မပါတဲ့သူတွေ၊ စားစရာ မရှိလို့ ဒုက္ခရောက်နေကြသူတွေ အများကြီးပဲ။ အခုလို ထမင်းဟင်း လှူတာတွေ ပိတ်လိုက်တော့ သူတို့အတွက် အတော်လေး ဒုက္ခရောက်ကြလိမ့်မယ်။ အလှူရှင်တွေကလည်း လာလှူလို့ လုံးဝမရတော့ဘူးဆိုပြီး မလှူဘဲ နေကြမှာ စိုးရိမ်မိတယ်။ ထမင်းဟင်း မရပေမဲ့ မုန့်ခြောက်တွေ၊ အချိုရည်နဲ့ ဘူးပိတ်သောက်ရေသန့်တွေကိုတော့ လာလှူလို့ရနေပါတယ်” ဟု ဆေးရုံအတွင်း ကူညီပေးနေသူတစ်ဦးက PSM ကို ပြောသည်။ လက်ရှိတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ချက်ပြုတ်ထားသည့် ပြင်ပအစားအစာများကို တားမြစ်ထား သော်လည်း စက်ရုံထုတ် မုန့်ခြောက်များ၊ အချိုရည်များနှင့် ဘူးပိတ် သောက်ရေသန့် လှူဒါန်းမှုများကိုမူ ဆက်လက်ခွင့်ပြုထားပြီး ဆေးရုံတက် လူနာများအတွက် အစားအသောက်ကို သက်ဆိုင်ရာ တာဝန်ရှိ သူများက စီစဉ်ပေးမည်ဖြစ်ကြောင်း သိရသည်။ ရောဂါပိုး ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန်အတွက် လသာမြို့နယ်ရှိ နာမည်ကျော် ၁၉ လမ်းမှ စားသောက်ဆိုင်များအပါအဝင် လမ်းမတော်၊ လသာ၊ ပန်းပဲတန်းနှင့် ကျောက်တံတား မြို့နယ်တို့ရှိ လမ်းဘေး အစားအစာ ရောင်းချမှုများကို ယနေ့ ဩဂုတ် ၁၃ ရက် နံနက်ပိုင်းမှစတင်ကာ ၃ ရက်မှ ၅ ရက်အထိ ယာယီပိတ်ထားရန် ညွှန်ကြားထားပြီး အဆိုပါ မြို့နယ်များအတွင်းရှိ အစားအသောက်များနှင့် သောက်သုံးရေများကို လိုက်လံစစ်ဆေးလျက်ရှိသည်။ ဆေးရုံများတွင် လူနာများပြားလာနိုင်သည့်အတွက် အရေးပေါ် ကုသရေးအစီအစဉ်များ တိုးချဲ့ ဆောင်ရွက်နေပြီး ပြည်သူများအနေဖြင့် ရောဂါပိုးကူးစက်မှုမှ ကာကွယ်နိုင်ရန် သောက်သုံးရေကို ကျိုချက်သောက်သုံးခြင်း၊ အစားအစာများကို ကျက်အောင်ချက်ပြုတ် စားသောက်ခြင်းနှင့် လက်ကို ဆပ်ပြာနှင့် စနစ်တကျ မကြာခဏ ဆေးကြောရန် ကျန်းမာရေး သတိပေးချက်များ ထုတ်ပြန်ထားသည်။ ဓာတ်ပုံ-လူမှုကွန်ရက် Post navigation သဖန်းဆိပ်ဆည်ရေ ထပ်မံထုတ်လွှတ်သဖြင့် မူးမြစ်ဘေးနေ ပြည်သူများ အရေးပေါ် ရွှေ့ပြောင်းကြရန် သတိပေး၊ ရေကြီးမှုကြောင့် တိုင်းနှင့်ယူနစ် ၄ ခုတွင် လူ ၂၅ ဦး သေဆုံးထား ဂွ၊ သံတွဲနှင့် ဆမီးမြို့တို့ကို စစ်အုပ်စု လေကြောင်းမှ ဗုံးကြဲ၊ ကျောင်းသူတစ်ဦး အပါအဝင် သေဆုံးသူ ၁၇ ဦးအထိ ရှိလာ