PSM(News)

ဩဂုတ် ၁၃ ၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ဆည်သည် ကန်ရေပြည့်မှတ် ၅၄၅ ပေအထက် ၅၄၅.၇၅ ပေသို့ ရောက်ရှိနေသဖြင့် ဆည်ကြံ့ခိုင်မှုအတွက်ဟုဆိုကာ အာဏာလု စစ်အုပ်စု၏ ဆည်မြောင်းဌာနက ယနေ့ ဩဂုတ် ၁၃ ရက်တွင် ရေလွှတ်နှုန်း ၆၇,၇၀၉ ကျူဆက်အထိ တိုးမြှင့် ဖောက်ထုတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဖောက်ထုတ်လိုက်သည့် ရေများသည် ကာဘိုးဆည်မှတစ်ဆင့် မူးမြစ် (နတ်မူးမြစ်) အောက်ဘက်သို့ အထိန်းအကွပ်မရှိ အရှိန်အဟုန်ဖြင့် စီးဆင်းမည်ဖြစ်၍ မူးမြစ်ဘေးနှင့် ရွှေဘို၊ ဒီပဲယင်း၊ ရေဦး စသည့် မြို့နယ်များမှ ကျေးရွာသူ/သားများ၊ မွေးမြူရေး တိရစ္ဆာန်များနှင့် ကောက်ပဲသီးနှံများကို ရေလွတ်ရာ ကုန်းမြင့်နေရာများသို့ အချိန်မဆိုင်းဘဲ အမြန်ဆုံး ရွှေ့ပြောင်းကြရန် ရွှေဘိုခရိုင် ပကဖ နှင့် ဒီပဲယင်းမြို့နယ် ပအဖ တို့က အရေးပေါ် သတိပေးနှိုးဆော်ထားသည်။

ရေဘေးကြောင့် ဒီပဲယင်းမြို့နယ် တစ်ခုတည်းတွင်ပင် အမျိုးသမီး ခုနစ် ဦးနှင့် အမျိုးသား တစ် ဦး စုစုပေါင်း ရှစ် ဦး သေဆုံးခဲ့ပြီး ရေကျပြီဟုဆိုကာ ကျေးရွာများအတွင်း ပြန်လည်ဝင်ရောက်ရန် ပြင်ဆင်နေသည့် ရေဘေးသင့် ပြည်သူများအနေဖြင့် ရေပြန်တက်လာနိုင်သည့်အတွက် ရေလွတ်ရာ နေရာများတွင်သာ ဆက်လက် နေထိုင်ကြရန် ဒီပဲယင်းမြို့နယ် ပအဖ က အထူးသတိပေးထားသည်။

မြန်မာနိုင်ငံ အထက်ပိုင်းဒေသများတွင် မိုးရက်ဆက် သည်းထန်စွာ ရွာသွန်းခြင်းနှင့် ဆည်ရေများ ဖောက်ထုတ်ခြင်းတို့ကြောင့် စစ်ကိုင်း၊ မန္တလေး၊ မကွေးယူနစ်များနှင့် ဧရာဝတီတိုင်းတို့ရှိ မြို့နယ် ၂၁ ခုတွင် ရေကြီးရေလျှံမှုများ ပြင်းထန်စွာ ဖြစ်ပေါ်နေပြီး သေဆုံးသူ ၂၅ ဦး၊ ပျောက်ဆုံးသူ ရှစ် ဦးနှင့် လူဦးရေ ၄၅၂,၆၆၃ ဦး (လေးသိန်းခွဲ) ကျော်ထိခိုက်ဆုံးရှုံးထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယမန်နေ့ ဩဂုတ် ၁၂ ရက်နေ့ ထုတ်ပြန်ချက်များအရ သိရသည်။

အဆိုပါ ထိခိုက်မှုများအနက် စစ်ကိုင်းယူနစ်သည် အဆိုးရွားဆုံး ခံစားနေရပြီး မြို့နယ် ၁၄ ခုရှိ လူဦးရေ ၂၂၀,၀၀၀ (နှစ်သိန်း နှစ်သောင်း) ကျော် ရေဘေးသင့်နေသလို၊ မန္တလေးယူနစ်တွင် မြို့နယ် သုံးခုမှ ၁၈၀,၀၀၀ (လူဦးရေတစ်သိန်း ရှစ်သောင်း) ကျော်နှင့် ဧရာဝတီတိုင်း၊ မကွေးယူနစ်တို့တွင်လည်း လူဦးရေ ၄၀,၀၀၀ (လေးသောင်း) ကျော် ရေဘေး ကြုံတွေ့နေရကြောင်း သိရသည်။

လက်ရှိတွင် အညာဒေသ၌ စစ်ဘေးရှောင်စခန်းများနှင့် တဲများ ရေထဲမျောပါခြင်း၊ လမ်းတံတားများ ပျက်စီးခြင်းတို့ ဖြစ်ပေါ်နေပြီး လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီး ပြတ်တောက်မှုများကြောင့် ကူညီကယ်ဆယ်ရေး ပစ္စည်းများ ရောက်ရှိရန် ကြန့်ကြာလျက်ရှိသည်။

စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ ရေဘေးသင့်ကျေးရွာများသို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာ ရေးဝန်ထမ်းများက ရွေ့လျားဆေးခန်းများဖြင့် လှည့်လည်၍ ကျန်းမာရေးစောင့်ရှောက်မှုများ လုပ်ဆောင်လျက်ရှိသော်လည်း သက်ကြီးရွယ်အို၊ နာတာရှည်ရောဂါသည်၊ ကိုယ်ဝန်ဆောင်နှင့် ကလေးသူငယ်များအတွက် အာဟာရနှင့် ကျန်းမာရေး ထောက်ပံ့ကူညီမှုများ အရေးတကြီး ထပ်မံလိုအပ်နေကြောင်း မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များထံမှ သိရသည်။

ဓာတ်ပုံ-NUG၊ ပကဖ ၊ ပအဖ

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *