မောင်မောင်ကဲ/PSM (News)

ဩဂုတ် ၁၃၊ ၂၀၂၆

မြန်မာစစ်တပ်က ပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကျူးလွန်ခဲ့သည့် သက်သေအထောက်အထားများကို ကုလသမဂ္ဂ စုံစမ်းရေးအဖွဲ့က စစ်ဆေးတွေ့ရှိထားသည်။

ထို့ကြောင့် အာဏာလုသမ္မတ မင်းအောင်လှိုင်ကို လက်ဆွဲနှုတ်ဆက် တရားဝင်အသိအမှတ်မပြုကြရန် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ဖြစ်သူ ကိုထိန်လင်း (ကင်မ်အဲရစ်) က ကမ္ဘာ့ခေါင်းဆောင်များကို တောင်းဆိုလိုက်သည်။

“မေမေဟာ မတရား ဖမ်းဆီးထိန်းသိမ်းခံထားရဆဲပါ။ ထောင်ပေါင်းများစွာသော နိုင်ငံရေးအကျဉ်းသားတွေဟာလည်း အကျဉ်းကျခံနေရဆဲဖြစ်ပြီး ပြည်သူတွေလည်း ဆက်ပြီး ဒုက္ခခံနေကြရပါတယ်။ ဒါကြောင့် တာဝန်ခံမှု မရှိဘဲ တရားဝင်မှု မရှိပါဘူး” ဟု ကိုထိန်လင်းက ပြောဆိုခဲ့သည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က ဩဂုတ်လ ၁၁ ရက်တွင် ထုတ်ပြန်သည့် နှစ်ပတ်လည် အစီရင်ခံစာ၌ မြန်မာစစ်တပ်သည် အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ လေ ကြောင်းမှ တိုက်ခိုက်ခြင်း၊ ဥပဒေနှင့်မညီဘဲ ဖမ်းဆီးချုပ်နှောင်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ကျူးလွန်နေကြောင်း ဖော်ပြထားသည်။

အဆိုပါ အစီရင်ခံစာသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၃၀ ရက်အထိ ကာလအတွင်း ဖြစ်ပွားခဲ့သော စစ်ရာဇဝတ်မှုများကို အဓိကထား စုံစမ်းစစ်ဆေးထားခြင်းဖြစ်သည်။

စစ်အုပ်စုသည် ပြီးခဲ့သည့် ဇန်နဝါရီက ပြုလုပ်ခဲ့သည့် အတုအယောင် ရွေးကောက်ပွဲ မတိုင်မီကာလမှစ၍ စာသင် ကျောင်း၊ ဆေးရုံ၊ ဘာသာရေး အဆောက်အအုံများ၊ စစ်ဘေးရှောင်စခန်းများကို ပစ်မှတ်ထားကာ ပါရာမော်တာနှင့် ဒရုန်းများကိုပါ အသုံးပြု၍ အရပ်သားများအပေါ် လေကြောင်းတိုက်ခိုက်မှုများကို ပိုမိုတိုးမြှင့် ကျူးလွန်လာခဲ့သည်။

“ဒီရာဇဝတ်မှုတွေကြောင့် လူတွေရဲ့ဘဝတွေ အကြီးအကျယ် ပျက်စီးဆုံးရှုံးခဲ့ရတယ်ဆိုတာကို ကျွန်တော်တို့ စုဆောင်းရရှိတဲ့ သက်သေအထောက်အထား တစ်ခုချင်းစီက ထောက်ပြနေပါတယ်” ဟု IIMM အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က ပြောကြားထားသည်။

ထို့ပြင် IIMM အနေဖြင့် စစ်တပ်အာဏာသိမ်းချိန်မှစ၍ သက်သေပေါင်း ၂၈ သန်းကျော် စုဆောင်းထားပြီးသက်သေ ၇၅၀ ကျော်၏ ထွက်ဆိုချက်၊ ရင်းမြစ် ၁,၆၀၀ ကျော်၏ အချက်အလက်များနှင့် ဂြိုဟ်တုပုံရိပ်များအပေါ် အခြေခံထားကာ နိုင်ငံတကာ တရားစွဲဆိုရေး အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ-လူမှုကွန်ရက်

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *