PSM (News) ဩဂုတ် ၁၃၊ ၂၀၂၆ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်း ငယ်အဖြစ်သို့ အားကောင်းလာပြီး ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလား ပြည်နယ် အတွင်းသို့ ဦးတည် ဖြတ်ကျော်ဝင်ရောက်မည် ဖြစ်သည်။ အဆိုပါ မုန်တိုင်းငယ်အရှိန်နှင့် အားလွန်ကောင်းနေသော မုတ်သုံလေစီးကြောင်းများကြောင့် မြန်မာနိုင်ငံ ဒေသအများအပြားတွင် မိုးရက်ဆက် ရွာသွန်းပြီး ဒေသအလိုက် မိုးအလွန်ကြီးနိုင်ကြောင်း အိန္ဒိယ မိုးလေဝသဌာန (IMD) နှင့် ဂြိုဟ်တုဓာတ်ပုံ စောင့်ကြည့်ချက်များအရ သိရသည်။ မွန်၊ ကရင်၊ ရခိုင်၊ ချင်းပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် မိုးအလွန်များနိုင်ပြီး ဧရာဝတီ၊ ရန်ကုန်၊ ပဲခူးတိုင်းနှင့် နေပြည်တော်တို့တွင်လည်း မိုးအသင့်အတင့်မှ မိုးများနိုင်သည်။ အထူးသဖြင့် ချောင်းဆုံ၊ ကျိုက်မရော၊ မုဒုံ၊ ကျိုက်ခမီ၊ ကျိုက်ဒုံ၊ ရေးနှင့် ထားဝယ် အစရှိသည့် မြို့နယ်များတွင် မိုးအလွန် ကြီးနိုင်သည်။ ထို့ပြင် မကွေး၊ မန္တလေး၊ မိတ္ထီလာ၊ သာစည်၊ မလိုင်၊ တပ်ကုန်း၊ ဖျာပုံ၊ မအူပင်နှင့် ညောင်တုန်းတို့တွင်မူ ဩဂုတ် ၁၆ ရက်အထိ တိမ်ထူထပ်ပြီး နေရာကွက်၍ မိုးသည်းထန်နိုင်သည်။ ဧရာဝတီမြစ်ရေသည် မြင်းမူ၊ ပခုက္ကူနှင့် ညောင်ဦးတို့တွင် စိုးရိမ်ရေအမှတ်ထက် ရောက်ရှိနေပြီး ပခုက္ကူနှင့် ညောင်ဦးတို့တွင် ၄ လက်မခန့် ထပ်မံမြင့်တက်နိုင်သည်။ ထို့ပြင် ဆိပ်သာ၊ ဟင်္သာတ၊ ဇလွန်နှင့် ပြည်မြို့တို့တွင်လည်း ရှေ့လာမည့် ၂၄ နာရီမှ ၄၈ နာရီအတွင်း စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနိုင်ကြောင်း မိုး/ဇလက သတိပေးထားသည်။ လက်ရှိအနေဖြင့် ဒုဋ္ဌဝတီ၊ သံလွင်နှင့် စစ်တောင်းမြစ်ရေတို့သည် မြစ်ငယ်၊ ဘားအံနှင့် မဒေါက်မြို့တို့တွင် စိုးရိမ်ရေအမှတ်ထက်၌ပင် ဆက်လက် မြင့်တက်နေဦးမည် ဖြစ်သည်။ ပေါင်းလောင်းဆည်တွင် ကန်ပြည့်ရန် ၁ ဒသမ ၈၁ ပေသာ လိုတော့သဖြင့် ရေပိုလွှဲမှ ထုတ်လွှတ်ရေ ပမာဏ တိုးမြှင့်ထားရာ တမံအောက်ပိုင်း ပေါင်းလောင်းမြစ်ကြောင်းတစ်လျှောက်နှင့် ပျဉ်းမနား၊ ဇေယျာသီရိ မြစ်ကမ်းဘေး နိမ့်ပါးသော ဒေသများ မြစ်ရေမြင့်တက်မှုကို သတိပြုရန် လိုအပ်သည်။ မြန်မာ့ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တွင် မိုးသက်လေပြင်းများ တိုက်ခိုက်နိုင်ပြီး လှိုင်းအမြင့် ၁၀ ပေမှ ၁၂ ပေအထိ ရှိနိုင်သဖြင့် ကမ်းနီး/ကမ်းဝေး ရေလုပ်သားများနှင့် ရေကြောင်း သွားလာ သူများအနေဖြင့် ပင်လယ်ပြင်သို့ ထွက်ခွာခြင်း မပြုကြရန် အထူး သတိပေးထားသည်။ Post navigation မင်းအောင်လှိုင်၏ ထိုင်းခရီးစဉ်နှင့် ဒေသတွင်း ဝေဖန်မှုများအကြား ရလဒ်မပေါ်သည့် သံတမန်ရေး ကုလသမဂ္ဂ က စစ်တပ်၏ ရာဇဝတ်မှုများကို သက်သေတွေ့ရှိထားပြီး ကမ္ဘာ့ခေါင်းဆောင်များအနေဖြင့် မင်းအောင်လှိုင်ကို အသိအမှတ်မပြုရန် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်တောင်းဆို