PSM (News) ဩဂုတ် ၁၃၊ ၂၀၂၆ အင်္ဂလန်နိုင်ငံ၊ ဒွန်ကတ်စတာမြို့တွင် အသက် ၂၈ နှစ်အရွယ် မိခင်ဖြစ်သူ ဂျော်ဂျီယာသည် အိမ်တွင် ရုတ်တရက် မူးလဲကျသွားစဉ် အသက်သုံးနှစ်အရွယ် သားဖြစ်သူ ဂျိမ်းစ်က အရေးပေါ် ဖုန်းခေါ်ဆိုမှုပြုလုပ်ကာ မိခင်ဖြစ်သူ၏ အသက်ကို ကယ်တင်နိုင်ခဲ့ကြောင်း တောင်ယော့ရှိုင်းယား ရဲတပ်ဖွဲ့က ဩဂုတ် ၁၂ရက်နေ့ ထုတ်ပြန်လိုက်သည်။ မိခင်ဖြစ်သူ ဂျော်ဂျီယာသည် သွေးပေါင်ချိန် ရုတ်တရက် ကျဆင်းခြင်းနှင့် ရေဓာတ်ခန်းခြောက်ခြင်းတို့ကြောင့် အိမ်ပေါ်တွင် သတိလစ် မေ့မြောသွားခဲ့သည်။ သို့သော် ကလေးငယ် ဂျိမ်းစ်မှာ ထိတ်လန့်တုန်လှုပ်ခြင်းမရှိဘဲ တောင်ယော့ရှိုင်းယား ရဲတပ်ဖွဲ့၏ အရေးပေါ်နံပါတ် ၉၉၉ သို့ ငြိမ်သက်စွာဖြင့် ဖုန်းခေါ်ဆိုနိုင်ခဲ့သည်။ အရေးပေါ် ဖုန်းလက်ခံဖြေကြားသူ ရဲအရာရှိ ဂျင်က ကလေးငယ်အား ကြောက်ရွံ့ထိတ်လန့်မသွားစေဘဲ အကျိုးရှိရှိ ဆက်သွယ်နိုင်ရန် နည်းလမ်းပြောင်းလဲ အသုံးပြုခဲ့ရကြောင်း ပြောကြားခဲ့သည်။ “ကျွန်မရဲ့ ဦးစားပေးက ကလေးကို စိတ်တည်ငြိမ်အောင် ထိန်းထားပေးဖို့နဲ့ ကျွန်မ လုပ်ခိုင်းချင်တာတွေကို နားလည်စေဖို့ပါပဲ” ဟု ရဲအရာရှိ ဂျင်က ဆိုသည်။ “ကြောက်ရွံ့စေနိုင်မယ့် သို့မဟုတ် ရှုပ်ထွေးစေမယ့် ညွှန်ကြားချက်တွေ ပေးမယ့်အစား မိခင်ဖြစ်သူကို နိုးလာအောင် လက်ဖြင့်တို့ကစားခိုင်းတဲ့ ပုံစံမျိုးနဲ့ ကျွန်မ လုပ်ဆောင်ခဲ့ပါတယ်” ဟု ၎င်းက ရှင်းပြခဲ့သည်။ ယင်းကဲ့သို့ တီထွင်ဖန်တီးလုပ်ဆောင်မှုကြောင့် မိနစ်ပိုင်းအတွင်းမှာပင် မိခင်ဖြစ်သူ ဂျော်ဂျီယာမှာ သတိပြန်လည်လာခဲ့သည်။ လွန်ခဲ့သည့် လအနည်းငယ်က ရှက်ဖီးမြို့ရှိ အရေးပေါ်ဝန်ဆောင်မှုများ ပြတိုက်သို့ မိသားစု အလည်အပတ် သွားရောက်ခဲ့စဉ်က မိဘများဖြစ်ကြသည့် ဂျော်ဂျီယာနှင့် ဂျိတ်တို့က အရေးပေါ် ဖုန်းခေါ်ဆိုရမည့် နည်းလမ်းများကို သားဖြစ်သူအား ကြိုတင်သင်ကြားပေးခဲ့ခြင်းက ယခုကဲ့သို့ အသက်ကယ်တင်နိုင်ရန် အကြောင်းဖန်လာခဲ့ခြင်း ဖြစ်သည်။ “ကျွန်မ ဘယ်လောက်ကြာကြာ သတိလစ်နေမယ်ဆိုတာ မသိနိုင်တဲ့အတွက် သူက ကျွန်မအသက်ကို ကယ်တင်ပေးခဲ့တာပါ” ဟု ဂျော်ဂျီယာက ပြောကြားခဲ့သည်။ “သတိပြန်ရလာချိန်မှာ ကျွန်မ အရမ်းကို စိတ်လှုပ်ရှားနေခဲ့ပေမဲ့ ဖုန်းလိုင်းပေါ်က ရဲအရာရှိက ကျွန်မကို စိတ်တည်ငြိမ်အောင် လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။ ရဲတပ်ဖွဲ့ဝင်များဖြစ်ကြသော ဂျော်ဒန် ကာဆင်နှင့် ရှာလော့ ဝိတ်တို့သည် အခင်းဖြစ်ပွားရာနေရာသို့ အမြန်ဆုံး ရောက်ရှိလာခဲ့ကြပြီး ဂျော်ဂျီယာ၏ ကျန်းမာရေး အခြေအနေကို စစ်ဆေးပေးခဲ့သည်။ သတ္တိရှိလှသော ကလေးငယ် ဂျိမ်းစ်၏ လုပ်ဆောင်မှုကို ဂုဏ်ပြုသောအားဖြင့် ရဲတပ်ဖွဲ့ဝင်များက ၎င်းအား စစ်မှန်သော ရဲကားတစ်စီးပေါ်သို့ တက်ထိုင်ခွင့်ပြုခဲ့ပြီး ရဟတ်ယာဉ် အရုပ်တစ်ရုပ်ကို လက်ဆောင်အဖြစ် ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ “သူဟာ တကယ်ကို အံ့သြစရာကောင်းတဲ့ ကလေးငယ်တစ်ဦး ဖြစ်ပြီး ဒီလောက်အရေးကြီးတဲ့ အခြေအနေကို သူကိုယ်တိုင် အသိအမှတ်ပြု လုပ်ဆောင်နိုင်ခဲ့တာကို ကျွန်မတို့ ယုံတောင်မယုံနိုင်သေးပါဘူး” ဟု ဂျော်ဂျီယာက ဂုဏ်ယူဝမ်းမြောက်စွာ ပြောကြားခဲ့သည်။ “အခြားမိဘတွေအနေနဲ့လည်း မိမိတို့ရဲ့ ကလေးငယ်တွေကို ဒီလိုအကြောင်းအရာမျိုး ကြိုတင်ပြောပြဆွေးနွေးဖို့ တိုက်တွန်းချင်ပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ သင်ကြားပေးဖို့ ဆိုတာ တကယ်ကို အရေးကြီးပြီး အသက်တောင် ကယ်တင်နိုင်ပါတယ်” ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။ ကိုးကား-The Independent Post navigation NATO အစည်းအဝေးအပြီး အီရန်ခြိမ်းခြောက်မှုကြောင့် သမ္မတ ဒေါ်နယ်ထရန့်အား ကာတာထရပ်ကားဖြင့် လျှို့ဝှက်ရွှေ့ပြောင်းခဲ့ရ ဖခင်ဖြစ်သူ ကွယ်လွန်သွားပြီးနောက် ဘောလုံးကစားသမားဘဝကို ဆက်လက် ရပ်တည်ရန် မသေချာတော့ကြောင်း လီယွန်နယ် မက်ဆီ ပြောကြား