PSM(News)

ဧပြီ ၁၃၊ ၂၀၂၆

မြန်မာနိုင်ငံတွင် ဆက်တိုက်ကြုံတွေ့နေရသည့် ဆင်းရဲဒုက္ခများကြား၌ ပြည်သူများ၏ မယိုင်လဲသော ကြံ့ကြံ့ခံနိုင်စွမ်းနှင့် ရဲစွမ်းသတ္တိမှာ လေးစားဖွယ်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို က ယနေ့ ဧပြီ ၁၃ ရက်တွင် ကျရောက်သည့် မြန်မာ့နှစ်သစ်ကူးသင်္ကြန်အကြိုနေ့တွင် ထုတ်ပြန်ထားသည်။

လက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခနှင့် အကျပ်အတည်းများ အဆုံးသတ်စေရေးအတွက် အမေရိကန်ပြည်ထောင်စုက ဆက်လက်ကူညီသွားမည်ဖြစ်ပြီး သင်္ကြန်၏ အနှစ်သာရအတိုင်း ပိုမိုကောင်းမွန်သော မနက်ဖြန်များသို့ ရောက်ရှိနိုင်ပါစေကြောင်း မာကိုရူဘီယိုက ဆုမွန်ကောင်းတောင်းထားသည်။

သင်္ကြန်အခါသမယသည် ပြီးခဲ့သည်များကို ပြန်လည်သုံးသပ်ရန်နှင့် ရှေ့လာမည့် နှစ်သစ်ကို မျှော်ကြည့်ရန် အခွင့်အရေးတစ်ခုဖြစ်၍ လာမည့်နှစ်သစ်တွင် မြန်မာပြည်သူများ မျှော်လင့်ချက်အသစ်များနှင့်အတူ ခွန်အားသစ်များ ရရှိကြပါစေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းစကားတွင် ဖော်ပြထားသည်။

မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ဆင်နွှဲနေကြသည့် မြန်မာပြည်သူပြည်သားများအားလုံးကို အမေရိကန်ပြည်ထောင်စုကိုယ်စား နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက အထူးတလည် ဆုတောင်းအားပေးစကား ပြောကြားခဲ့ခြင်းဖြစ်သည်။

‎ဓာတ်ပုံ – မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံး

By Htet Ko