PSM(NEWS)

ဧပြီ ၁၃၊၂၀၂၆

မြန်မာစစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်အား သမ္မတအဖြစ် ခန့်အပ်မှုကိုအသိအမှတ်ပြုခြင်းနှင့် စစ်အုပ်စုအား တရားဝင်မှုပေးရန် ကြိုးပမ်းမှုမှန်သမျှကိုပြတ်ပြတ်သားသား ပယ်ချရန် အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ (APHR) က အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံအား ဧပြီလ ၁၂ ရက် ယမန်နေ့က တိုက်တွန်းနှိုးဆော်လိုက်သည်။

စစ်တပ်က စိတ်ကြိုက်ခြယ်လှယ်ထားသည့် လုပ်ငန်းစဉ်များမှတစ်ဆင့် မင်းအောင်လှိုင် သမ္မတဖြစ်လာခြင်းသည် ဒီမိုကရေစီသို့ ဦးတည်ခြင်းမဟုတ်ဘဲ စစ်အာဏာရှင်စနစ်ကို အရပ်သားအစိုးရအသွင်ဖြင့် ဖုံးကွယ်ရန် ကြိုတင်စီစဉ်ထားသည့် လှည့်ကွက်သာဖြစ်ကြောင်း APHR က ဆိုသည်။

စစ်အုပ်စုသည် ပြုပြင်ပြောင်းလဲရေးဟူသော စကားလုံးများကို အသုံးပြုနေသော်လည်း လက်တွေ့တွင် ပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုနှင့် အစုလိုက်အပြုံလိုက် ဖမ်းဆီးမှုများကို ဆက်လက်ကျူးလွန်နေကြောင်း ထောက်ပြထားသည်။

အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရန် လုံးဝပျက်ကွက်နေသည့် စစ်အုပ်စုနှင့် ဆက်လက်ထိတွေ့ဆက်ဆံနေခြင်းသည် အာဆီယံ၏ ဂုဏ်သိက္ခာကို ထိခိုက်စေကြောင်း APHR က သတိပေးသည်။

ဖိလစ်ပိုင်နိုင်ငံအနေဖြင့် အာဆီယံဥက္ကဋ္ဌဖြစ်သည့်အားလျော်စွာ စစ်အုပ်စုကို တရားဝင်အစိုးရအာဏာပိုင်အဖြစ် ဆက်ဆံခြင်းဖြင့် စစ်အာဏာရှင်စနစ်ကို ပုံမှန်အခြေအနေကဲ့သို့ အသိအမှတ်ပြုခြင်းမျိုး မလုပ်ဆောင်ရန် လိုအပ်ကြောင်း အလေးအနက် ပြောကြားထားသည်။

APHR သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် စစ်အုပ်စုအစား အောက်ပါ ဒီမိုကရေစီအင်အားစုများနှင့်သာ ထိတွေ့ဆက်ဆံမှုကို ဦးစားပေးရန် တောင်းဆိုထားသည် –

ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ

(SCEF)

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ (EROs)

အရပ်ဘက်လူမှုအဖွဲ့အစည်းများ

စစ်တပ်က ကျူးလွန်ထားသည့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် တရားဥပဒေအရ တာဝန်ခံမှုရှိစေမည့် လမ်းကြောင်းများကို အာဆီယံက ဖော်ဆောင်ပေးရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ထို့အပြင် နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှု အကူအညီများကိုလည်း ပိုမိုတိုးမြှင့်ပေးရန် တိုက်တွန်းထားသည်။

“မင်းအောင်လှိုင်ရဲ့ သမ္မတရာထူးကို တရားဝင်တယ်လို့ အသိအမှတ်မပြုသင့်ပါဘူး။ အဲဒီလို အသိအမှတ်ပြုမိရင် မြန်မာနိုင်ငံမှာ ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရနေတဲ့ အစဉ်အလာကို ပိုပြီးခိုင်မာစေမှာဖြစ်သလို အကျပ်အတည်းတွေကိုလည်း ပိုပြီးရှည်ကြာစေမှာ ဖြစ်ပါတယ်” ဟု APHR က သတိပေး နိဂုံးချုပ်ထားသည်။

ကိုးကား APHR ထုတ်ပြန်ချက်

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *