PSM (News)

ဩဂုတ် ၁၂၊၂၀၂၆

ကိုလံဘီယာနိုင်ငံ အနောက်ပိုင်းဒေသတွင် လှုပ်ခတ်သွားခဲ့သည့် ၇.၄ အဆင့်ရှိ အင်အားပြင်းငလျင်ကြောင့် ပျက်စီးဆုံးရှုံးသွားခဲ့ရသည့် အဆောက်အအုံများနှင့် ပြိုကျနေသော နေအိမ်များကို အရေးပေါ် ကယ်ဆယ်ရေးဝန်ထမ်းများက ဒုတိယမြောက်နေ့အဖြစ် ဆက်လက်တူးဖော် ရှာဖွေလျက်ရှိကြသည်။ ဆယ်စုနှစ်များအတွင်း နိုင်ငံအတွင်း အပြင်းထန်ဆုံး ငလျင်တစ်ခုဖြစ်သည့်အတွက် သေဆုံးသူအရေအတွက်မှာ ပိုမိုမြင့်တက်လာဖွယ်ရှိကြောင်း ခန့်မှန်းထားကြသည်။

ကိုလံဘီယာနိုင်ငံ၏ ကော်ဖီစိုက်ပျိုးရေး အဓိကဒေသများဆီသို့ တနင်္လာနေ့ အစောပိုင်းက ဝင်ရောက်ရိုက်ခတ်ခဲ့သော အဆိုပါ ငလျင်ကြောင့် အနည်းဆုံး လူ ၁၆၄ ဦး သေဆုံးခဲ့ရသည်။

ပီရီရာနှင့် ကာလီမြို့များရှိ ဘက်စုံအဆောက်အအုံများ ပြိုကျပျက်စီးခဲ့ပြီး မာနီဇာလက်မြို့ရှိ သမိုင်းဝင် ဘုရားရှိခိုးကျောင်း တာဝါတိုင်တစ်တိုင်လည်း အပိုင်းပိုင်းကွဲအက်ခဲ့သည်။

ကာလီမြို့ရှိ ဆေးရုံတစ်ရုံ၏ အပေါ်ထပ်အချို့ ပြိုကျခဲ့သောကြောင့် လူနာများ ပိတ်မိနေခဲ့ပြီး လူနာ ၆၀ ကို လမ်းမပေါ်တွင် တဲထိုးကာ အရေးပေါ် ကုသပေးနေရသည်။

ရာထူးလက်ခံရယူစ အာဘယ်လာဒို ဒီ လာ အက်စ်ပရီလာက ကာလီမြို့တစ်မြို့တည်းတွင်ပင် လူ ၃၅ ဦး သေဆုံးခဲ့ပြီး ၁၈၈ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။ မြို့တွင်း၌ ပစ္စည်းလုယက်မှုများ ဖြစ်ပွားကြောင်း သတင်းရရှိပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင် ၁,၀၀၀ ကို အဆိုပါမြို့သို့ စေလွှတ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က လိုအပ်တဲ့ဘက်ကနေ ပူးပေါင်းဆောင်ရွက်ဖို့ပါပဲ။ ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ စည်းလုံးညီညွတ်မှု ပြသဖို့အတွက် သဘောတရားရေးရာ ကွဲပြားမှုတွေ၊ အခြားခွဲခြားမှုတွေ ဘာမှမရှိပါဘူး” ဟု သမ္မတက တနင်္လာနေ့ ညပိုင်းတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ကိုးကား-Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *