PSM(News) ဩဂုတ် ၁၂၊၂၀၂၆ ဆီးရီးယားနိုင်ငံ၏ ၁၄ နှစ်ကြာ ပဋိပက္ခအတွင်း လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများအတွက် ဖြုတ်ချခံထားရသော ဆီးရီးယားသမ္မတဟောင်း ဘာရှာအယ်လ်အာဆက်နှင့် ၎င်း၏ညီဖြစ်သူတို့ကို ဒမတ်စကတ်မြို့ရှိ စတုတ္ထရာဇဝတ်ခုံရုံးက အင်္ဂါနေ့တွင် မျက်ကွယ်သေဒဏ်အမိန့် ချမှတ်လိုက်သည်။ ဤသေဒဏ်အမိန့်များသည် အာဆက်မိသားစု၏ ရာစုနှစ်တစ်ဝက် သက်တမ်းရှိ အာဏာစက်ချုပ်ဆုံးသွားခဲ့ပြီးနောက် လပေါင်း ၂၀ အကြာတွင် အာဆက် သို့မဟုတ် ၎င်း၏ အတွင်းရိုသေရင်းနှီးသူများအပေါ် ပထမဆုံး ချမှတ်လိုက်သည့် အမိန့်ဖြစ်သည်။ “ဘာရှာအယ်လ်အာဆက်ဟာ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ဖို့အတွက် နိုင်ငံတော်အေဂျင်စီတွေကို အသုံးပြုခဲ့ပါတယ်” ဟု တရားသူကြီး ဖာခါရီဒင် အယ်လ်အာရန်က နိုင်ငံပိုင် ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်ခဲ့သည့် တရားခွင်တွင် ပြောကြားခဲ့သည်။ ထို့အပြင်ဒရာအာတောင်ပိုင်းပြည်နယ်အတွင်း ဆန္ဒပြမှုများကို ရက်စက်စွာ နှိမ်နင်းမှုအား ကြီးကြပ်ခဲ့ကြောင်း ပြစ်မှုထင်ရှားစီရင်ခံရသည့် အာဆက်၏ မိခင်ဘက်မှဝမ်းကွဲတော်စပ်သူ အာတက်ဖ် နာဂျစ်ကိုလည်း သေဒဏ်ချမှတ်ခဲ့သည်။ နာဂျစ်အနေဖြင့် အယူခံဝင်နိုင်ကြောင်း တရားသူကြီး အယ်လ်အာရန်က ဆိုသည်။ အာဆက်နှင့် ၎င်း၏ညီ မာဟာရ်တို့သည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် အစိုးရအာဏာကျဆုံးသွားပြီးနောက် ရုရှားနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြပြီး နိုင်ငံရေးခိုလှုံခွင့် ရရှိထားကြသည်။ ဆီးရီးယားအစိုးရသစ်က အာဆက်ညီအစ်ကိုနှစ်ဦးအား လွှဲပြောင်းပေးရန် ရုရှားနိုင်ငံကို တောင်းဆိုထားသည်။ ကိုးကား-AP Post navigation ကိုလံဘီယာငလျင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေပြီး သေဆုံးသူအရေအတွက် မြင့်တက်လာနိုင် ဟောင်ကောင်တွင် ဓားဖြင့်ထိုးမှုကြောင့် နှစ်ဦး ဒဏ်ရာရရှိပြီးနောက် အမျိုးသားတစ်ဦး ဖမ်းဆီးခံရ