PSM (News)

ဩဂုတ် ၁၂၊ ၂၀၂၆

တီမောလက်စ်တေ ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ ဒေါက်တာ ဂျိုဆေရာမို့စ်-အော်တာ၏ တရားဝင်ဖိတ် ကြားချက်အရ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စေလွှတ်လိုက်သည့် မြန်မာ အားကစား ကိုယ်စား လှယ်အဖွဲ့သည် တီမောနိုင်ငံတွင် ကျင်းပသည့် “ဒီလီ အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲ” ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အမျိုးသားအပြေးသမားက ပထမနေရာ ရရှိခဲ့သည့်အပြင် တီမောသမ္မတနှင့်လည်း သီးသန့် တွေ့ဆုံခွင့်ရရှိခဲ့ကြောင်း သိရသည်။

ကျန်းမာရေး၊ ချစ်ကြည်ရင်းနှီးမှု၊ ဒေသတွင်း သွေးစည်းညီညွတ်မှုနှင့် အားကစားဆိုင်ရာ သံတမန်ရေး ရာများကို မြှင့်တင်ရန် ရည်ရွယ်ကျင်းပသည့် အဆိုပါ မာရသွန်ပြိုင်ပွဲကို ရှစ်လေးလုံး ပြည်သူ့ အရေးတော်ပုံ (၃၈) နှစ်ပြည့်မြောက်သည့်ဩဂုတ် ၈ ရက် နေ့တွင် ဒီလီမြို့၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပြိုင်ပွဲတွင် NUG ၏ ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် အားကစားသမားသုံး ဦးလုံးသည် ၂၁.၁ ကီလိုမီတာအကွာအဝေးကို အောင်မြင်စွာ ပန်းဝင်နိုင်ခဲ့ကြသည်။

အမျိုးသားအပြေးသမား ကိုအာသာ သည် ၁ နာရီ ၄၅ မိနစ် ၅၃ စက္ကန့်ဖြင့် ပန်းဝင်ကာ အသက် ၄၀ မှ ၄၉ နှစ် အမျိုးသားအုပ်စုတွင် ပထမနေရာ (ရွှေတံဆိပ်) ရရှိခဲ့သည်။ ထို့ပြင် အမျိုးသမီး အပြေးသမား နှစ် ဦးသည်လည်း ၁ နာရီ ၅၉ မိနစ် ၃၀ စက္ကန့် နှင့် ၂ နာရီ ၂၉ မိနစ် ၄၅ စက္ကန့်တို့ဖြင့် အသီးသီး ပန်းဝင်ခဲ့ကြပြီး အမျိုးသမီးတန်း Overall အဆင့်သတ်မှတ်ချက်တွင် အဆင့် (၁၅) နှင့် အဆင့် (၃၉) ရရှိခဲ့ကြောင်း NUG က ထုတ်ပြန်ထားသည်။

အားကစား ပြိုင်ပွဲကျင်းပပြီးစီးခဲ့ပြီးနောက် ဩဂုတ် ၉ ရက် နံနက်ပိုင်းတွင် တီမောလက်စ်တေ သမ္မတ ဒေါက်တာ ဂျိုဆေရာမို့စ် က မြန်မာအားကစား ကိုယ်စားလှယ်အဖွဲ့အား ၎င်း၏ သီးသန့်နေအိမ်၌ လက်ခံ တွေ့ဆုံခဲ့ပြီး အဆိုပါ တွေ့ဆုံပွဲသို့ ဒီလီမြို့အခြေစိုက် NUG မြန်မာနိုင်ငံ မစ်ရှင်ရုံး ဒုတိယ အကြီးအကဲ လည်း တက်ရောက်ခဲ့သည်။

အဆိုပါ တွေ့ဆုံမှုအတွင်း မြန်မာအားကစား ကိုယ်စားလှယ်အဖွဲ့က ယခုကဲ့သို့ တရားဝင် ဖိတ်ကြားပေးမှုနှင့် အာဏာလု စစ်အုပ်စု၏ ဖိနှိပ်မှုကို ရင်ဆိုင်နေရသည့် မြန်မာပြည်သူများနှင့်အတူ အစဉ်အမြဲ ရပ်တည်ပေးသည့် တီမောနိုင်ငံ၏ ရပ်တည်ချက်အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် တီမောသမ္မတကလည်း ၎င်း၏ တော်လှန်ရေး အတွေ့အကြုံများ၊ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အမှတ်တရများနှင့် လက်ရှိ နွေဦးတော်လှန်ရေးအပေါ် သဘောထား အမြင်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးဖလှယ်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-NUG

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *