PSM(News)

ဩဂုတ် ၁၂၊ ၂၀၂၆

ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းနှင့် အားကောင်းသော အနောက်တောင်မုတ်သုံလေတို့ကြောင့် မြန်မာနိုင်ငံကမ်းရိုးတန်းဒေသများ အပါအဝင် ပြည်နယ်နှင့် တိုင်းအများစုတွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး မြစ်ရေကြီးမှုနှင့် ပင်လယ်ပြင် လှိုင်းကြီးအန္တရာယ် သတိထားရန် လိုအပ်လျက်ရှိကြောင်း ကမ္ဘာ့မိုးလေဝသဌာနများ၏ မိုးလေဝသခန့်မှန်းမော်ဒယ်များအရ သိရသည်။

မွန်၊ ကရင်၊ ရခိုင်၊ ချင်းပြည်နယ်များနှင့် တနင်္သာရီတိုင်းတို့တွင် မိုးများရာမှ မိုးအလွန်များနိုင်ပြီး ဧရာဝတီ၊ ရန်ကုန်နှင့် ပဲခူးတိုင်းတို့တွင်လည်း မိုးအသင့်အတင့်မှ မိုးများနိုင်သည်။

အထူးသဖြင့် ရခိုင်နှင့် တနင်္သာရီ ကမ်းရိုးတန်းမြို့များဖြစ်ကြသော စစ်တွေ၊ ငပလီ၊ ကျိန္တလီ၊ ဂွ၊ ငွေဆောင်၊ ချောင်းသာ၊ ဟိုင်းကြီးကျွန်း၊ ဘီးလင်း၊ ရေးနှင့် ထားဝယ် အစရှိသည့် မြို့နယ်များတွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်သည်။

ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ရောက်ရှိနေပြီး မြင်းမူ၊ ပခုက္ကူနှင့် ညောင်ဦးမြို့ တို့တွင် ၁ ပေနီးပါးခန့် ထပ်မံ မြင့်တက်လာနိုင်သည်။ ထို့ပြင် ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့ ၌ စိုးရိမ်ရေအမှတ်ထက် ၄ ပေကျော်လွန်နေပြီး သံလွင်မြစ်ရေသည် ဘားအံမြို့ ၌လည်းကောင်း၊ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့ ၌လည်းကောင်း စိုးရိမ်ရေအမှတ်ထက် အသီးသီး မြင့်တက် နေသည်။

သို့ဖြစ်ပါ၍ အဆိုပါ မြို့နယ်များရှိ မြစ်ကမ်းနီးနှင့် မြေနိမ့်ပိုင်းနေ ပြည်သူများအနေဖြင့် ရေဘေးလွတ် ရာသို့ အမြန်ဆုံး ပြောင်းရွှေ့နေထိုင်ကြရန် အထူးလိုအပ်လျက်ရှိသည်။

ကမ်းလွန်ပင်လယ်ပြင်တွင် မိုးသက်လေပြင်းများ တိုက်ခိုက်နိုင်ပြီး လှိုင်းအမြင့် ၉ ပေမှ ၁၃ ပေအထိ ရှိနိုင်သဖြင့် ကမ်းနီး/ကမ်းဝေး ရေလုပ်သားများနှင့် ပင်လယ်ပြင် သွားလာသူများအနေဖြင့် ပင်လယ် ပြင်သို့ ထွက်ခွာခြင်း မပြုကြရန် မိုးလေဝသပညာရပ်ကို လေ့လာနေသူများက သတိပေးထားသည်။

ရန်ကုန်နှင့် နေပြည်တော်တို့တွင် မိုးအနည်းငယ်မှ အသင့်အတင့် ဆက်လက်ရွာသွန်းနိုင်ပြီး မန္တလေး တိုင်းရှိ ညောင်ဦး၊ မိတ္ထီလာနှင့် သာစည်တို့တွင်မူ မိုးရွာနိုင်ခြေ နည်းပါးကာ မွန်းလွဲ နှင့် ညနေပိုင်းများ တွင်သာ မိုးအနည်းငယ် ရွာနိုင်သည်။

ဓာတ်ပုံ-MFS

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *