PSM(News) ဩဂုတ် ၁၂၊ ၂၀၂၆ မကွေးတိုင်း၊ စလင်းမြို့၌ မင်းဘူးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) လက်အောက်ခံ ရဲမေတစ်ဦး အာဏာလု စစ်အုပ်စု၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီးနောက် အနီးဝန်းကျင် ကျေးရွာများကို စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ ဆက်တိုက် ဗုံးကြဲနေသဖြင့် အဆိုပါ ရဲမေနှင့် ဆက်သွယ်ဖူးသူများ၊ ထောက်ပို့ ကွင်းဆက်များ အထူးသတိထားကြရန် စစ်ရေးသတင်းရင်းမြစ်က PSM (News) ကို ပြောကြားသည်။ မင်းဘူးခရိုင် – ပကဖ လက်အောက်ခံ ပကဖ-လက်ရုံးတပ်မှ ရဲမေတစ်ဦးသည် ပြီးခဲ့သည့် ရက်ပိုင်းက စလင်းမြို့အတွင်းတွင် အာဏာလု စစ်အုပ်စု၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။ “အဓိကတော့ သူနဲ့ ဆက်ဆံဖူးတဲ့သူတွေ၊ သူ ရောက်ဖူးတဲ့နေရာတွေ လေကြောင်း အန္တရာယ် သတိရှိဖို့ လိုတာပေါ့။ ထောက်ပို့ ကွင်းဆက်တွေလည်း သတိထားဖို့ လိုပါတယ်” ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။ အဆိုပါ ရဲမေ အဖမ်းခံရပြီးနောက် ဩဂုတ်လ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် ဆင်ဖြူကျွန်းမြို့နယ်နှင့် တညောင်တိုက်နယ်အတွင်းရှိ ကျေးရွာများကို အာဏာလု စစ်တပ်က ၂ ရက်ဆက်တိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ဒေသခံတစ်ဦးကလည်း “မနေ့က တောင်ပိုရွာနဲ့ ဇီးဖြူပင်ရွာဘက်ကို ကြဲတာ။ ဒီနေ့ကျတော့ ကျပင်းရွာနဲ့ နေပူကန်ရွာ ဘက်တွေကို ကြဲတယ်။ စလင်းမှာ အဖမ်းခံရပြီးတဲ့နောက် အဲဒီဘက်တွေကို လေကြောင်းကနေ ဆက်တိုက် ကြဲနေတာပါ” ဟု PSM ကို ပြောသည်။ အဆိုပါ ကျေးရွာများတွင် မြေပြင်တိုက်ပွဲ ဖြစ်ပွားခြင်းနှင့် စစ်တပ်က စစ်ကြောင်းထိုးခြင်းများ မရှိဘဲ အကြောင်း မဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အရပ်သား ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေများကို သီးခြား အတည်ပြုနိုင်ရန် PSM က ဆက်လက် စုံစမ်းလျက်ရှိသည်။ ဓာတ်ပုံ-လူမှုကွန်ရက်(ပုံဟောင်း) Post navigation ညောင်ဦးနှင့် မြစ်ခြေတို့တွင် တိုက်ပွဲဖြစ်ပွား၊ စစ်တပ်ဗိုလ်မှူးနှင့် ပျူစောထီးခေါင်းဆောင် အပါအဝင် ၃ ဦး သေဆုံးကြောင်း ဧရာဒေါင်းတပ်ဖွဲ့ ထုတ်ပြန် လေဖိအားနည်းရပ်ဝန်းကြောင့် ကမ်းရိုးတန်းအပါအဝင် တိုင်းနှင့်ပြည်နယ် အများစုတွင် မိုးကြီးနေမည်၊ မြစ်ရေကြီးမှုနှင့် လှိုင်းကြီးအန္တရာယ် သတိပေး