PSM(News)

ဩဂုတ် ၁၁၊ ၂၀၂၆

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့နယ်နှင့် မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် အစပ်တို့တွင် ပြီးခဲ့သည့် မေလအတွင်းက ဖြစ်ပွားခဲ့သည့် ထိတွေ့တိုက်ပွဲနှင့် မိုင်းဆွဲတိုက်ခိုက်မှုများအတွင်း ပျူစောထီး ခေါင်းဆောင်တစ်ဦးနှင့် အာဏာလုစစ်တပ်မှ ဗိုလ်မှူးတစ်ဦး အပါအဝင် စုစုပေါင်း သုံး ဦး သေဆုံးခဲ့ ကြောင်း ဧရာဒေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ဩဂုတ် ၁၁ ရက် တွင် ထုတ်ပြန်သည်။

ညောင်ဦးမြို့နယ်အတွင်းမှ ပျူစောထီးခေါင်းဆောင် နောင်နောင်နှင့် နောက်လိုက် နှစ် ဦးတို့သည် ပြီးခဲ့သည့် မေလ ၁၀ ရက် နံနက် ၁၁ နာရီခန့်က မြစ်ခြေမြို့နယ်ဘက်သို့ ကူးစက်လာစဉ် ဧရာဒေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ၁၀ မိနစ်ခန့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ထိတွေ့တိုက်ပွဲအတွင်း ပျူစောထီးခေါင်းဆောင် နောင်နောင်မှာ ဖြစ်စဉ်နေရာတွင်ပင် သေဆုံး ခဲ့ပြီး ၎င်း၏ နောက်လိုက် ပျူစောထီး ၂ ဦးကို AK သေနတ် နှစ် လက်နှင့်အတူ အရှင်ဖမ်းဆီး ရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် မေလ ၃၁ ရက်နေ့ကလည်း မြစ်ခြေမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်ကာ ပြည်သူ များ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည့် အာဏာလုစစ်တပ် စစ်ကြောင်းသည် တပ်မ (၁၀၁) သို့ ပြန်လည်ဆုတ်ခွာစဉ် ဧရာဒေါင်းတပ်ဖွဲ့က ထောင်ထားသည့် မိုင်းကို နင်းမိခဲ့သည်။

အဆိုပါ မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကြောင်းအား ဦးဆောင်သည့် ဗိုလ်မှူး ဉာဏ်လင်း အပါအဝင် တပ်ဖွဲ့ဝင်တစ်ဦး နေရာတွင်ပင် သေဆုံးခဲ့ပြီး အခြားစစ်အုပ်စု တပ်ဖွဲ့ဝင်နှင့် ပျူစောထီး လေး ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မေလအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းများအား ယခု ဩဂုတ်လ ရောက်မှ ထုတ်ပြန်ရန် နောက်ကျရခြင်းမှာ မြစ်ခြေမြို့နယ်အတွင်း စစ်ကြောင်းများ ဝင်ရောက်လာခြင်းနှင့် နယ်မြေစစ်ရေး တင်းမာမှုများကြောင့် ဖြစ်ကြောင်း ဧရာဒေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ကိုရှိန်းက အသိပေးထားသည်။

ဓာတ်ပုံ-ဧရာဒေါင်း

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *