PSM (News)

ဩဂုတ် ၁၁၊ ၂၀၂၆

ဖိလစ်ပိုင်နိုင်ငံ၌ မရပ်မနားရွာသွန်းနေသော မုတ်သုံမိုးကြောင့် ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၂ ဦး သေဆုံးပြီး ၈ ဦး ပျောက်ဆုံးကာ ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက တနင်္လာနေ့ (သြဂုတ်လ ၁၀ ရက်) တွင် ပြောကြားခဲ့သည်။

အမျိုးသား သဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် စီမံခန့်ခွဲမှုကောင်စီ၏ ထုတ်ပြန်ချက်အရ လူဦးရေ ငါးသိန်းကျော်မှာ ပြည်နယ် ၃၃ ခုတွင် သဘာဝဘေးဒဏ်ကို ခံစားနေကြရပြီး နေအိမ်များနှင့် အဆောက်အအုံ ရာပေါင်းများစွာ ထိခိုက်ပျက်စီးခဲ့ကာ လူဦးရေ ၉၈,၀၀၀ ခန့်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။

အဓိကကျွန်းဖြစ်သော လူဇုံကျွန်းရှိ ဘန်ဂတ်၊ ရီဇယ် နှင့်ဘာတန်ဂတ်စ်ပြည်နယ်များတွင် သေဆုံးမှု အများဆုံး ဖြစ်ပွားခဲ့သည်။ ဘာဂီယို တောင်ပေါ်မြို့တွင် မြေပြိုမှုကြောင့် နေအိမ်အချို့ မြေပိမိခဲ့ရာ လူ ၄ ဦး သေဆုံးပြီး ၆ ဦး ပျောက်ဆုံးနေကြောင်း မြို့တော်အစိုးရ၏ ပြည်သူ့ဆက်ဆံရေးရုံးက လူမှုကွန်ယက်တွင် ဖော်ပြထားသည်။

မိုးအဆက်မပြတ် ရွာသွန်းနေသော်လည်း ပျောက်ဆုံးနေသူများကို ကယ်ဆယ်ရေးသမား ၁၅၀ ခန့်က အလှည့်ကျစနစ်ဖြင့် အပြင်းအထန် ရှာဖွေလျက်ရှိသည်။ အခြားသေဆုံးရသည့် အကြောင်းရင်းများတွင် လျှပ်စစ်ဓာတ်လိုက်ခြင်းနှင့် ရေနစ်ခြင်းတို့ ပါဝင်သည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့ပြများနှင့် လမ်းမကြီးများ ရေလွှမ်းမိုးခဲ့သဖြင့် သမ္မတ ဖာဒီနန် မာကို့စ် ဂျူနီယာ က မနီလာမြို့တော်နှင့် ပြည်နယ် တစ်ဒါဇင်ကျော်ရှိ အစိုးရဝန်ထမ်းများကို အိမ်မှနေ၍ အလုပ်လုပ်ကြရန်နှင့် ကျောင်းများအတွက် အခြားသော သင်ကြားရေးစနစ်များကို ကျင့်သုံးရန် တနင်္လာနေ့တွင် အမိန့်ပေးညွှန်ကြားခဲ့သည်။ ရေကြီးရေလျှံမှုများကြောင့် ကူးတို့သင်္ဘော ဝန်ဆောင်မှုများနှင့် ဆိပ်ကမ်း ၂၀ တွင် သင်္ဘောလုပ်ငန်းများလည်း ရပ်ဆိုင်းထားရသည်။

ကိုးကား-SCMP

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *