PSM (News)

ဩဂုတ် ၁၁ ၊ ၂၀၂၆

ချင်းပြည်နယ်၊ ပလက်ဝမြို့အဝင်ဆိုင်းဘုတ်အနီးကို အာဏာလုစစ်တပ်က ယနေ့နံနက်ပိုင်းတွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ၁၃ နှစ်အရွယ် ကျောင်းသူတစ်ဦး အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ ဦး နှစ် ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အာရက္ခတပ်တော် (AA) ထံမှ သိရသည်။

အာဏာလုစစ်တပ်သည် ယနေ့ ဩဂုတ် ၁၁ ရက် နံနက် ၇ နာရီ ၃၀ မိနစ်ခန့်က ဂျက်ဖိုက်တာ တစ်စင်း ဖြင့်ပလက်ဝမြို့အဝင် ဆိုင်းဘုတ်အနီးသို့ ဗုံး နှစ်လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လေကြောင်းမှ ဗုံးကြဲမှုကြောင့် မြို့အဝင်ဝအနီးရှိ ဦးသောကြာ၏ နေအိမ်အား ဗုံးစများ ထိမှန်ခဲ့ပြီး ဦးသောကြာ၏ သမီးဖြစ်သူ မထွေးစိန် ၁၉ နှစ် ၏ ညာဘက်ခြေထောက်တွင် ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့သည်။

ထို့ပြင် ရေတံခွန်ကျေးရွာမှ ပလက်ဝမြို့သို့ ပညာသင်ကြားရန် ရောက်ရှိနေသည့် ဦးကင်းနောင်၏ သမီးဖြစ်သူ ကျောင်းသူ မသန္တာထိုက် ၁၃ နှစ် သည်လည်း ညာဘက်ခြေထောက်တွင် ဗုံးစထိမှန်ကာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

အာဏာလုစစ်တပ်သည် စစ်ဘက်နှင့် မသက်ဆိုင်သည့် အရပ်သားများ နေထိုင်ရာ ဒေသများကို နေ့စဉ်နှင့်အမျှ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသဖြင့် ပြည်သူများအနေဖြင့် လေကြောင်းနှင့် ရေကြောင်း အန္တရာယ်များကို ယခင်ကထက် ပိုမိုဂရုစိုက်ကြရန် အာရက္ခတပ်တော်က အသိပေး တိုက်တွန်းထားသည်။

အာဏာလုစစ်တပ်သည် ပြီးခဲ့သည့် ဩဂုတ် ၃ ရက်၊ ၄ ရက်၊ ၈ ရက်နှင့် ၁၀ ရက်နေ့များတွင်လည်း သံတွဲ၊ မြောက်ဦးနှင့် အမ်းမြို့များကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ ပြည်သူအများအပြား သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် ပြည်သူများ၏ အိုးအိမ်နှင့် ပစ္စည်းဥစ္စာများလည်း ပျက်စီးဆုံးရှုံး ခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-AA Info Desk

ပုံစာ – ပလက်ဝမြို့ကိုဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ဒဏ်ရာရရှိသွားသည့် ပြည်သူ နှစ် ဦး။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *