PSM (News)

ဩဂုတ် ၁၁၊ ၂၀၂၆

စစ်အာဏာရှင်စနစ် ခိုင်မြဲစေရန် ဒေါက်တိုင်အဖြစ် ပူးပေါင်းကူညီနေသူများအနေဖြင့် ယနေ့မှစ၍ ရပ်တန့်ကာ အမှန်တရားဘက်တွင် ရပ်တည်ကြရန်နှင့် တရားမျှတမှုအတွက် ပြန်လည်ပေးဆပ်ရမည့် ကာလရောက်ရှိလာမည်ဖြစ်ကြောင်း KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက သတိပေးပြော ကြားခဲ့သည်။

ယမန်နေ့ ဩဂုတ် ၁၀ ရက်နေ့က ကျရောက်သည့် (၅၁) နှစ်မြောက် ကချင်အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် မိန့်ခွန်းတွင် ဗိုလ်ချုပ်ကြီး အင်ဘန်လက ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ် သည်။

ထို့ပြင် အာဏာလု စစ်အုပ်စုအနေဖြင့်လည်း နိုင်ငံရေးပြဿနာကြောင့် ပေါ်ပေါက်လာသည့် အကျပ်အတည်းများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်၊ ပြည်သူလူထုက လက်မခံသည့် မိမိတို့၏ လုပ်ရပ်များကို ပြန်လည်သုံးသပ်၍ အချိန်မနှောင်းမီ ပြုပြင်ရန်၊ ပြည်သူကို ပစ်မှတ်ထားခြင်းနှင့် အကာအကွယ်ယူခြင်းများကို ရှောင်ရှားရန်၊ လူသားတိုင်း၏ အသက်ကို တန်ဖိုးထား၍ စစ်မြေပြင်တွင် စစ်ကျင့်ဝတ်အတိုင်း လိုက်နာဆောင်ရွက်ရန်လည်း KIO ဥက္ကဋ္ဌက ဆက်လက် သတိပေးထားသည်။

လက်ရှိတွင် KIO/KIA အနေဖြင့် NUG၊ CRPH အပါအဝင် အခြား တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ (EROs) အတူတကွ ပူးပေါင်းပါဝင်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင် နေကြောင်း သိရသည်။

တိုင်းရင်းသားများအားလုံး မိမိတို့၏ ကံကြမ္မာကို မိမိတို့ကိုယ်တိုင် ဆုံးဖြတ်ခွင့်ရှိသည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းလာရေးအတွက်လည်း ကဏ္ဍပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး အင်ဘန်လက အာဇာနည်နေ့ မိန့်ခွန်းတွင် အတည်ပြု ပြောကြား ခဲ့သည်။

ကချင် ၊ မြန်မာ နှစ်ဘာသာဖြင့် ကျင်းပသည့် အဆိုပါ (၅၁) နှစ်မြောက် ကချင်အာဇာနည်နေ့ အခမ်းအနား သို့ SCEF ကောင်စီဝင်များ၊ CRPH တာဝန်ရှိသူများ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး၊ SCEF ၏ ညှိနှိုင်းရေးမှူး ဒေါက်တာဇော်ဝေစိုး နှင့် NUG တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပုံစာ-KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *