PSM (News) ဩဂုတ် ၁၁၊ ၂၀၂၆ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်(ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်) အတွင်းရှိ အာဏာလုစစ်အုပ်စု၏ တပ်ရင်းများမှ ပြည်သူ့စစ်မှုထမ်း စစ်သား လေး ဦးသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၉) ထံသို့ လက်နက်နှင့်အတူ အလင်းဝင်ရောက်လာခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး(KNU) က ထုတ်ပြန်သည်။ ကျောက်ကြီးမြို့နယ်အတွင်း အခြေစိုက်သည့် အာဏာလုစစ်တပ်၏ ခလရ-၆၀ တပ်ရင်းမှ တပ်သား မျိုးမင်းဦးသည် ပြီးခဲ့သည့် ဩဂုတ် ၆ ရက်နေ့က MA-4 သေနတ် တစ် လက်၊ ၄၀ မမ ကျည် ၁၁ လုံး၊ ကျည်ဘောက် သုံး ခုနှင့် ၅.၅၆ ကျည် ၃၀၃ တောင့်တို့ကို ယူဆောင်၍ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ဩဂုတ်လ ၉ ရက်နေ့တွင်လည်း အာဏာလုစစ်တပ်၏ ခမရ-၅၉၆ တပ်ရင်းမှ တပ်သား မိုးအေး၊ တပ်သား မင်းခန့်နှင့် တပ်သား ရဲမင်းအောင်တို့ သုံး ဦးသည် KNLA တပ်ရင်း (၉) ထံသို့ ထပ်မံ အလင်းဝင်ရောက်ခဲ့ကြသည်။ အဆိုပါ စစ်မှုထမ်းတပ်သား လေး ဦးစလုံးသည် အမှန်တရားကို သိမြင်လာပြီး အာဏာလုစစ်အုပ်စု၏ အုပ်ချုပ်မှုအောက်တွင် နေထိုင်လိုခြင်းမရှိတော့သည့်အတွက် အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။ ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် အာဏာလုစစ်တပ်အတွင်း မိမိဆန္ဒမပါဘဲ စစ်မှုထမ်းရန် အဓမ္မစေခိုင်းခြင်း ခံနေရသည့် တပ်ဖွဲ့ဝင်များအား မိမိတို့၏ အသက်အန္တရာယ်နှင့် အနာဂတ်ကို ကာကွယ် နိုင်ရန်အတွက် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံ အမြန်ဆုံး ဘက်ပြောင်းခိုလှုံကြရန် တိုက်တွန်း ထားသည်။ ဓာတ်ပုံ-KNU ပုံစာ – KNLA တပ်ရင်း (၉) ထံသို့ အလင်းဝင်ရောက်လာသည့် စစ်မှုထမ်းတပ်သား လေး ဦး။ Post navigation လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မိုးအလွန်သည်းထန်ဦးမည်၊ မြစ်ရေများ ထပ်မံမြင့်တက်နိုင်ပြီး မြစ်ရေကြီးမှုနှင့် တောင်ပြိုအန္တရာယ် ဂရုပြုရန် အထူးလိုအပ် အမှန်တရားဘက် ရပ်တည်ကြရန်နှင့် တရားမျှတမှုအတွက် ပြန်ပေးဆပ်ရမည့်အချိန် ရောက်လာမည်ဟု ဗိုလ်ချုပ်ကြီး အင်ဘန်လ က စစ်အုပ်စု ဒေါက်တိုင်များကို သတိပေး