PSM (News) ဩဂုတ် ၁၁ ၊ ၂၀၂၆ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေပွေလှိုင်းသည် မနက်ဖြန် ဩဂုတ် ၁၂ ရက်နေ့၌ လေဖိအားနည်းရပ်ဝန်းအဖြစ် ပြောင်းလဲအားကောင်းလာနိုင်ပြီး အဆိုပါ အရှိန်ကြောင့် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းဒေသများနှင့် ကမ်းရိုးတန်းဒေသများတွင် မိုးအလွန် သည်းထန်စွာ ဆက်လက်ရွာသွန်းနိုင်ကြောင်း အိန္ဒိယမိုးလေဝသဌာန (IMD) ၏ ထုတ်ပြန်ချက်နှင့် မိုးလေဝသပညာရှင်များ၏ ခန့်မှန်းချက်များအရ သိရသည်။ ဥရောပနှင့် အမေရိကန် မိုးလေဝသ မော်ဒယ်များ၏ ခန့်မှန်းချက်အရ အဆိုပါလေဖိအားနည်း ရပ်ဝန်းသည် မုန်တိုင်းငယ်အဆင့်အထိ အားကောင်းလာနိုင်ခြေ ၃၄ ရာခိုင်နှုန်းမှ ၆၆ ရာခိုင်နှုန်းအထိ ရှိနေပြီး အိန္ဒိယကုန်းတွင်းပိုင်းသို့ ဦးတည်ရွေ့လျားမည်ဖြစ်သော်လည်း မြန်မာနိုင်ငံရှိ ဒေသအများ အပြားတွင် မိုးကြီးနိုင်ကြောင်း မိုးလေဝသပညာရှင်များက ခန့်မှန်းထားကြသည်။ မုတ်သုံလေ အားအလွန်ကောင်းနေသည့်အတွက် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေလျှံမှု၊ မြေနိမ့်ပိုင်း ရေကြီးရေလျှံမှုများနှင့်အတူ ရုတ်တရက် ရေကြီးခြင်းများ ဖြစ်ပွားနိုင်သည်။ အထူးသဖြင့် ရခိုင်၊ ချင်း၊ စစ်ကိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့ရှိ တောင်ကုန်းတောင်တန်း ဒေသများတွင် မိုးရွာသွန်းမှုအရှိန်ကြောင့် တောင်ပြို/မြေပြိုအန္တရာယ်ကို အထူးသတိပြုရန် လိုအပ်ကြောင်း သတိပေးထား သည်။ မြစ်ရေကြီးမှု အခြေအနေများနှင့် ပတ်သက်၍ ဧရာဝတီမြစ်ရေသည် မြင်းမူ၊ ပခုက္ကူနှင့် ညောင်ဦး မြို့တို့တွင် စိုးရိမ်ရေအမှတ်ထက် ကျော်လွန်ရောက်ရှိနေပြီး နောက် ၂၄ နာရီအတွင်း ၁ ပေခွဲခန့် ထပ်မံမြင့်တက်လာနိုင်သသည်။ ထို့အတူ ဒုဋ္ဌဝတီမြစ်ရေသည်လည်း မြစ်ငယ်မြို့တွင် စိုးရိမ်ရေ အမှတ်ထက် ၃ ပေကျော်လွန်နေပြီး နောက် ၂၄ နာရီအတွင်း ၁ ပေခန့် ထပ်မံမြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားသည်။ အလားတူ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် စိုးရိမ်ရေအမှတ်ထက် ရောက်ရှိနေပြီး နောက် ၂၄ နာရီအတွင်း ပေဝက်ခန့် ထပ်မံမြင့်တက်မည်ဖြစ်သလို စစ်တောင်းမြစ်ရေသည်လည်း မဒေါက်မြို့တွင် စိုးရိမ်ရေအမှတ်ထက် ရှိနေပြီး ၃ လက်မခန့် ထပ်မံမြင့်တက်မည် ဖြစ်သည်။ ချင်းတွင်းမြစ်ရေသည် မုံရွာမြို့တွင် စိုးရိမ်ရေအမှတ်ထက် ကျော်လွန်နေပြီး လာမည့် ၂၄ နာရီအတွင်း ပေဝက်ခန့် ပြန်ကျ နိုင်သော်လည်း စိုးရိမ်ရေအမှတ်အထက်တွင် ဆက်လက်ရှိနေမည် ဖြစ်သည်။ ထို့ကြောင့် မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ မြစ်ငယ်၊ မုံရွာ၊ ဘားအံနှင့် မဒေါက်မြို့တို့ရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်၍ ရေဘေးလွတ်ရာသို့ ရှောင်ရှား ကြရန် အသိပေး တိုက်တွန်းထားသည်။ ထို့ပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်နာရီလျှင် မိုင် ၃၅ အထိ မိုးသက်လေပြင်းများ ကျရောက်နိုင်ပြီး လှိုင်းအမြင့် ၉ ပေမှ ၁၁ ပေအထိ ရှိနိုင်သဖြင့် ကမ်းနီး/ကမ်းဝေး ရေလုပ်သားများနှင့် ပင်လယ်ပြင်သွား သင်္ဘောများအနေဖြင့် ပင်လယ်ပြင်သို့ ထွက်ခွာခြင်း မပြုကြရန်နှင့် အထူးဂရုပြု သွားလာကြရန် အသိပေးထားသည်။ ပုံစာ-စစ်ကိုင်းတိုင်းအတွင်း ရေကြီးနေသည့် မြင်ကွင်း ဖြစ်ပါသည်။ Post navigation စစ်ကိုင်းတိုင်း ရေဘေးသင့် ပြည်သူသောင်းပေါင်းများစွာအတွက် NUG နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရ ပူးပေါင်း၍ အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဖွဲ့စည်း KNLA တပ်ရင်း (၉) ထံသို့ အာဏာလုစစ်အုပ်စု၏ တပ်ရင်းများမှ စစ်သား ၄ ဦး လက်နက်နှင့်အတူ အလင်းဝင်