PSM(News)

ဩဂုတ် ၁၀ ၊ ၂၀၂၆

စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ မြို့နယ် ၁၀ ခုထက်မက မကြာသေးမီက ရေကြီးရေလျှံမှုများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စိုက်ပျိုးမြေအမြောက်အမြား ရေနစ်မြုပ်ကာ ပြည်သူသောင်းပေါင်းများစွာ အရေးပေါ် ကူညီထောက်ပံ့မှုများ လိုအပ်နေချိန်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရ (SFUIG) တို့ ပူးပေါင်း၍ “အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး ပူးပေါင်းကော်မတီ (JERC)” ကို စတင်ဖွဲ့စည်းလိုက်ကြောင်း ယမန်နေ့ ဩဂုတ် ၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အဆိုပါ ကော်မတီကို တန့်ဆည်၊ ကန့်ဘလူ၊ ကျွန်းလှ၊ အရာတော်၊ ခင်ဦး၊ ရေဦး၊ ရွှေဘို၊ ဝက်လက်၊ မြင်းမူနှင့် ဒီပဲယင်း အစရှိသော ရေဘေးသင့် မြို့နယ်များအတွင်း ဘေးအန္တရာယ်များကို ထိရောက်စွာ တုံ့ပြန်ရန်၊ ကူညီထောက်ပံ့မှုများ မျှတစွာ ဖြန့်ဝေနိုင်ရန်နှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဩဂုတ် ၈ ရက်နေ့က ပြုလုပ်ခဲ့သည့် ဝန်ကြီးဌာနများအကြား လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အသစ်ဖွဲ့စည်းလိုက်သည့် JERC ကော်မတီကို NUG ၏ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာန (MoSLHA) နှင့် SFUIG ၏ လူသားချင်းစာနာကူညီရေး၊ ပြန်လည်ထူထောင်ရေးနှင့် အရေးပေါ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန (MoHAREM) တို့က ပူးပေါင်း၍ တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်သည်။

JERC အနေဖြင့် မြို့နယ်အဆင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းအဖွဲ့များကို ဖွဲ့စည်းကြီးကြပ်ခြင်း၊ အခြေအနေ အကဲဖြတ်ချက် (Rapid Assessment) စာရင်းများကို စုစည်း၍ ဦးစားပေးအလိုက် မူဝါဒလမ်းညွှန်ချက်များ ထုတ်ပြန်ခြင်း၊ အကူအညီများ ထပ်နေမှု သို့မဟုတ် လစ်ဟာမှု မရှိစေရန် ညှိနှိုင်းခြင်းတို့အပြင် ပြည်တွင်းပြည်ပ လူသားချင်းစာနာမှု အဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းချိတ်ဆက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် လူသားချင်းစာနာမှု၊ တန်းတူညီမျှမှု၊ ပွင့်လင်းမြင်သာမှုနှင့် ဒေသခံများ ပါဝင်မှုစသည့် မူများကို အခြေခံ၍ ရေဘေးသင့်ဒေသများအတွက် မရှိမဖြစ်လိုအပ်သည့် အခြေခံစားသောက်ကုန်၊ ဆေးဝါး၊ သောက်သုံးရေနှင့် အသက်ကယ်ပစ္စည်းများ ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ကော်မတီကိုလည်း လိုအပ်သလို ထပ်မံတိုးချဲ့ ပြင်ဆင်ဖွဲ့စည်းသွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *