PSM (News) ဩဂုတ် ၁၁၊၂၀၂၆ ဩဂုတ်လ ၁ ရက်နေ့က ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်း ဟာခိဗ် မြို့ရှိ Ranok ၏ သိုလှောင်ရုံကို ရုရှားဒရုန်းဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် စာအုပ်ပေါင်း ၈ သန်းခန့် ပျက်စီးခဲ့ရပြီး၊ ၎င်းသည် လေးနှစ်ကြာမြင့်နေပြီဖြစ်သော စစ်ပွဲအတွင်း ယူကရိန်းစာအုပ်ထုတ်ဝေရေး လုပ်ငန်းအတွက် အကြီးမားဆုံး ထိခိုက်မှုကြီး တစ်ရပ် ဖြစ်လာခဲ့သည်။ ထုတ်ဝေသူများ၏ အဆိုအရ လပိုင်းအတွင်း သိုလှောင်ရုံများ တိုက်ခိုက်ခံရမှုကြောင့် စာအုပ်ပေါင်း ၁၀ သန်းကျော် ပျက်စီးခဲ့ရကြောင်း၊ စစ်ပွဲစတင်ချိန်က ယူကရိန်းဘာသာစကားဖြင့် စာပေဖတ်ရှုလိုမှု မြင့်တက်လာခြင်းကြောင့် အကျိုးအမြတ် ရရှိခဲ့ဖူးသည့် အဆိုပါလုပ်ငန်းကို ယခုအခါ ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်လာစေကြောင်း သိရသည်။ မီးသတ်သမားများက မီးငြှိမ်းသတ်နေစဉ်အတွင်း သိုလှောင်ရုံတွင် ပထမဆုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် မကြာမီမှာပင် တူညီသည့်နေရာ၌ ဒုတိယအကြိမ် ထပ်မံပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ကရုခ်လော့ဗ်က ပြောကြားခဲ့သည်။ ယူကရိန်းကျောင်းသုံး စာအုပ်များ၏ ၃ ပုံ ၁ ပုံခန့်ကို ရိုက်နှိပ်ထုတ်ဝေနေသည့် အဆိုပါ ကုမ္ပဏီ၏ ဒါရိုက်တာက “ဒါဟာ စာအုပ်သိုလှောင်ရုံကို ရည်ရွယ်ချက်ရှိရှိနဲ့ ကြိုတင်ကြံစည် တိုက်ခိုက်ခဲ့တာပါ” ဟု ပြောဆိုခဲ့သည်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ယခုကိစ္စနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် တောင်းဆိုမှုကို ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ စာအုပ်သိုလှောင်ရုံများနှင့် ပုံနှိပ်တိုက်များအပေါ် တိုက်ခိုက်မှုများသည် နိုင်ငံတော် ရှင်သန်ရပ်တည်ရေး နှင့် အမျိုးသားရေး အမှတ်လက္ခဏာအတွက် တိုက်ပွဲဝင်နေသည်ဟု ခံယူထားကြသည့် ယူကရိန်းနိုင်ငံသားများအကြား များစွာ ရိုက်ခတ်မှု ရှိစေခဲ့သည်။ ပညာရေးဝန်ကြီး အန်ဒရီ ဘူတန်ကိုက ဤတိုက်ခိုက်မှုများကို ယူကရိန်းဘာသာစကား၊ သမိုင်းနှင့် အမှတ်တရများကို ဖျက်ဆီးရန် ကြိုးပမ်းမှုတစ်ရပ်အဖြစ် ဖော်ပြခဲ့ပြီး၊ “ကျွန်ုပ်တို့ ကလေးတွေရဲ့ အမှတ်လက္ခဏာ ပေါက်ဖွားရာ အရာရာတိုင်းကို ဖျက်ဆီးနေခြင်း ဖြစ်ပါတယ်” ဟု ဆိုသည်။ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ယူကရိန်း၏ သီးခြားလွတ်လပ်သော နိုင်ငံအဖြစ် ရပ်တည်မှုကို အကြိမ်ကြိမ် ငြင်းဆိုခဲ့ပြီး ရုရှားနှင့် ယူကရိန်းတို့မှာ လူမျိုးတစ်မျိုးတည်းဖြစ်ကြောင်း စွပ်စွဲပြောဆိုထားသည်။ သင်္ကေတအရ ထိခိုက်မှုများအပြင် စာထုတ်ဝေရေးလုပ်ငန်းအပေါ် တိုက်ခိုက်မှုများသည် ခံနိုင်ရည်အားဖြင့်သာ အဓိပ္ပါယ်ဖော်နေရသည့် စစ်ပွဲ၏ စီးပွားရေးကုန်ကျစရိတ်များကို ပိုမိုမြင့်တက်လာစေကြောင်း စီးပွားရေးပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များက ဆိုကြသည်။ ကိုးကား-Reuters Post navigation အိန္ဒိယနိုင်ငံ ဂျပ်ခ်ခန်ပြည်နယ် လူငယ်ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနှင့် ရာဘာကျည်ဆံများသုံး၍ လူစုခွဲ ထိုင်းနိုင်ငံ၊ဘန်ကောက်တွင်မိုးပျံတိုက်ခန်းပေါ်မှ အဝတ်လှန်းစင်ပြုတ်ကျမှုကြောင့် ဆိုင်ကယ်ကယ်ရီသမားနှင့် ခရီးသည် ထိခိုက်မိ