PSM(News)

ဧပြီ ၁၁၊ ၂၀၂၆

ကရင်အမျိုးသားအစည်းအရုံး(KNU)သည် တော်လှန်ရေးကာလ ကော်သူးလေပဋိညာဉ်ကို တရားဝင်အတည်ပြုလိုက်ပြီး ကော်သူးလေအတိုင်ပင်ခံကောင်စီနှင့် အုပ်ချုပ်ရေးကောင်စီတို့ကို ဖွဲ့စည်းကာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ဖက်ဒရယ်ယူနစ် တည်ဆောက်ရေးကို စတင်လိုက်ကြောင်း ထုတ်ပြန် ကြေညာသည်။

၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်မှ ဧပြီလ ၂ ရက်နေ့အထိ ကျင်းပခဲ့သော ကော်သူးလေဖက်ဒရယ်ယူနစ် တည်ဆောက်ရေးဆိုင်ရာ တိုင်ပင်ဆွေးနွေးပွဲတွင် ကိုယ်စားလှယ် ၅၈ ဦးက ၂ နှစ်ကျော်ကြာ ရေးဆွဲခဲ့သည့် ပဋိညာဉ်မူကြမ်းကို အတည်ပြုခဲ့ခြင်း ဖြစ်သည်။

တော်လှန်ရေးကာလ ကော်သူးလေပဋိညာဉ်ကိုအခြေပြု၍ KNU ၏ နိုင်ငံရေးဦးဆောင်မှုဖြင့် ခရိုင် ၇ ခုမှ ကိုယ်စား လှယ်များနှင့် အတူတကွ မျှဝေသတ်မှတ်ထားသည့် စံတန်ဖိုးများဖြင့် ပိုမိုပြည့်၀စွာ ကိုယ်စားပြုမှုရှိသောနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်ရှိသော ကော်သူးလေ ဖက်ဒရယ်ယူနစ်ကို ဒီမိုကရေစီနည်းလမ်းတကျ ဆက်လက် အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

ဖက်ဒရယ်ယူနစ် တည်ဆောက်ရာတွင် ဒေသန္တရကိုယ်စားပြုမှု အားကောင်းစေရန်နှင့် လိုအပ်သော အကြံပြုချက်၊ နည်းပညာပံ့ပိုးမှုများ လမ်းညွှန်ပေးရန်အတွက် ကော်သူးလေ အတိုင်ပင်ခံကောင်စီ (KCC)က တာဝန်ယူမည်ဖြစ်သည်။

ကော်သူးလေ အုပ်ချုပ်ရေးကောင်စီ (KGC) သည် KNU ၏ လက်ရှိဌာန ၁၂ ခုအနက်မှ ဌာန ၇ ခုဖြင့် အစပြုကာ အုပ်ချုပ်ရေးစံနှုန်းများနှင့်အညီ ဖော်ဆောင်မည်ဖြစ်ပြီး “အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဌာန” ကို ၈ ခုမြောက်ဌာနအဖြစ် အသစ်တိုးချဲ့ ဖွဲ့စည်းခဲ့သည်။

အဆိုပါ ပဋိညာဉ်သည် အောက်ခြေမှအထက်သို့ ဖက်ဒရယ်စနစ်ကို ဖော်ဆောင်ခြင်းဖြစ်ပြီး စစ်အာဏာရှင်စနစ်ကို ဘက်ပေါင်းစုံမှ တိုက်ပွဲဝင်ရင်း တော်လှန်ရေးအလွန် အသွင်ကူးပြောင်းရေး ကာလသို့ စနစ်တကျ ကူးပြောင်းနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ယခုပဋိညာဉ်ကို KNU ၏ ဗဟိုနှင့် ခရိုင်၇ ခုမှ ကိုယ်စားလှယ်များ၊ လူငယ်၊ အမျိုးသမီးနှင့် လူမျိုးစုကိုယ်စားလှယ်များက စုပေါင်းအတည်ပြုခဲ့ကြခြင်းဖြစ်ပြီး ၂၀၂၀ ရွေးကောက်ခံ ကိုယ်စားလှယ် များလည်း ပါဝင်လာစေရန် ဆက်လက်ဆောင်ရွက်သွားမည်ဟု ဆိုထားသည်။

KNU အနေဖြင့် မျှဝေသတ်မှတ်ထားသည့် စံတန်ဖိုးများဖြင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ကော်သူးလေဖက်ဒရယ်ယူနစ်ကို ဒီမိုကရေစီနည်းလမ်းတကျ ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး ပဋိညာဉ်အပြည့်အစုံကို မကြာမီ အများပြည်သူသိရှိစေရန် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ပုံစာ-KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊

By Htet Ko