PSM(News)

ဧပြီ ၁၀ ၊ ၂၀၂၆

နိုင်ငံရေးအကျဉ်းသားဟောင်း သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် သမ္မတကြီး ဦးဝင်းမြင့်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံးလွတ်မြောက်ရေးအတွက် ၁၂ ရက်တာ “အပြာရောင် အင်္ကျီ လှုပ်ရှားမှု” (Blue Shirt Campaign) ကို ယနေ့ ဧပြီလ ၁၀ ရက်နေ့မှ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါလှုပ်ရှားမှုကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) အပါအဝင် တော်လှန်ရေးအင်အားစု အဖွဲ့အစည်းပေါင်း ၃၀ က ပူးပေါင်းတိုက်တွန်းနှိုးဆော်ထားခြင်းဖြစ်ပြီး ဦးဝင်းတင် ကွယ်လွန်သည့် ဧပြီလ ၂၁ ရက်နေ့အထိ ၁၂ ရက်တိုင်တိုင် အွန်လိုင်းနှင့် မြေပြင်များတွင် ပြုလုပ်သွားမည်ဖြစ်ကြေင်း သိရသည်။

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးသည် စစ်အာဏာရှင်စနစ် ကျဆုံးရေးအထိ အရေးပါသည့် ခြေလှမ်းတစ်ရပ်ဖြစ်သဖြင့် ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် အပြာရောင်အဝတ်အစား (Blue Shirt) များ ဝတ်ဆင်ကာ ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုများကို လူမှုကွန်ရက်စာမျက်နှာများတွင် မျှဝေခြင်းဖြင့် တစ်ခဲနက် ပူးပေါင်းပါဝင်ကြရန် PPNM က တိုက်တွန်းထားသည်။

လှုပ်ရှားမှုတွင် ပါဝင်သူများအနေဖြင့် ကမ်ပိန်းနှင့်ပတ်သက်သည့် အချက်အလက်များအပြင် #blueshirt4politicalprisoners#FreeAllPoliticalPrisoners နှင့် #blueshirtmovementmyanmar စသည့် Hashtag များကို အသုံးပြု၍ မျှဝေရန်နှင့် မိမိတို့၏ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်များကိုလည်း ဖိတ်ခေါ်ပူးပေါင်းစေရန် နှိုးဆော်ထားသည်။

ဟံသာဝတီ ဦးဝင်းတင်သည် အကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး အတွက် “နိုင်ငံရေးအကျဉ်းသားအားလုံး မလွတ်မချင်း အပြာရောင်ထောင်ဝတ်စုံကို ဆက်လက်ဝတ်ဆင် သွားမည်” ဟု သန္နိဋ္ဌာန်ချကာ ကွယ်လွန်ချိန်အထိ အပြာရောင်အင်္ကျီကိုသာ ဝတ်ဆင်သွားခဲ့သည့် စံနမူနာပြ ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်သည်။

ယခု Blue Shirt Campaign တွင် ၇၄/၇၅/၇၆ နိုင်ငံရေးအင်အားစု၊ GSCB၊ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)၊ Generation Wave နှင့် သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု အပါအဝင် အင်အားစု အသီးသီးက ပါဝင်ပူးပေါင်းလျက်ရှိကြောင်း သိရသည်။

By Htet Ko