PSM (News)

ဩဂုတ် ၁၀၊၂၀၂၆

ဘန်ကောက်မြို့စွန်ရှိ ကျောင်းတစ်ကျောင်းတွင် လူအများအပြား သေဆုံးစေခဲ့သည့် အစုလိုက်အပြုံလိုက် ပစ်ခတ်မှုကျူးလွန်ခဲ့သူ လူငယ်လေးသည် ပြီးခဲ့သည့်နှစ်က အဲယားဂန်း (BB Gun) တစ်လက်ကို ကျောင်းသို့ ယူဆောင်လာခဲ့ဖူးသဖြင့် ဆရာဖြစ်သူက သိမ်းဆည်းခဲ့ဖူးကြောင်းနှင့် အွန်လိုင်းမှ အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများကို ကြည့်ရှုခဲ့သူဖြစ်ကြောင်း ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။အစိုးရအနေဖြင့်လည်း ကျောင်းများအတွက် လုံခြုံရေး လုပ်ထုံးလုပ်နည်းအသစ်များကို အကောင်အထည်ဖော်မည်ဟု ကတိပြုထားသည်။

သောကြာနေ့က ဖြစ်ပွားခဲ့သော အဆိုပါ အကြမ်းဖက်လုပ်ရပ်နှင့် ပတ်သက်၍ စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ရာ အသက် ၁၄ နှစ်အရွယ် ကျောင်းသားလေးသည် နေအိမ်တွင် ၎င်း၏ ဘိုးဘွားများကို ပစ်သတ်ခဲ့ပြီးနောက် ကျောင်းတွင် အခြားလူ ၆ ဦးကို ထပ်မံပစ်သတ်ခဲ့ကာ ၎င်းကိုယ်တိုင်လည်း သေနတ်ဖြင့် ပြန်လည်ပစ်ခတ် အဆုံးစီရင်သွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကျောင်းသားလေးသည် လက်နက်ကိုက်တွယ်ပစ်ခတ်နည်း လေ့လာရန် ဆိုရှယ်မီဒီယာကို အသုံးပြုခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ပြည်နယ်ရဲတပ်ဖွဲ့ ဒုတိယကော်မရှင်နာ အတ်ထာပိုလ် အနူဆစ်က သတင်းထောက်များကို ပြောကြားရာတွင် မျက်မြင်သက်သေများကို စစ်ဆေးချက်အရ ပြစ်မှုကျူးလွန်သူသည် လက်နက်ကိုင်ဆောင်နည်းများကို လေ့လာရန် တစ်နှစ်မှ နှစ်နှစ်ခန့်အထိ စိတ်ဝင်စားမှု စတင်ပြသခဲ့ကြောင်း သိရသည်။

သက်သေ ၁၇ ဦးကို ယခုအချိန်အထိ စစ်ဆေးမေးမြန်းခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သော အတ်ထာပိုလ်က ကျောင်းသားလေး၏ ကျောပိုးအိတ်ထဲတွင် ဓားတစ်ချောင်းကိုပါ တွေ့ရှိခဲ့ရကြောင်း၊ ရာဇဝတ်မှု ကျူးလွန်ရာနေရာများမှ သေနတ်၊ ကျည်ဆံခွံများနှင့် ကိုယ်ပိုင်ကွန်ပျူတာ (PC) တို့ကို အပါအဝင် အခြားသော သက်သေအထောက်အထားများကို သိမ်းဆည်းရမိခဲ့ကြောင်း ပြောကြားခဲ့သည်။

ဒုတိယကော်မရှင်နာက ကိုယ်ပိုင်ကွန်ပျူတာကို စစ်ဆေးကြည့်ရှုချက်အရ အဆိုပါ ကလေးငယ်သည် အကြမ်းဖက်မှုနှင့် ပတ်သက်သော ဆိုရှယ်မီဒီယာ အကြောင်းအရာများကို ကြည့်ရှုခဲ့ကြောင်း တွေ့ရှိရသည်ဟု ပြောကြားခဲ့သော်လည်း သေနတ်ပစ်ခတ်မှု ပြုလုပ်ခဲ့ကြောင်း ပြသသည့် အထောက်အထား တစ်စုံတစ်ရာ မတွေ့ရှိရသေးကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။မိဘများ ကွာရှင်းပြတ်စဲသွားခဲ့ပြီးနောက် အဆိုပါ ကျောင်းသားလေးသည် ဘိုးဘွားများနှင့်အတူ ၁၂ နှစ်တိုင်တိုင် နေထိုင်ခဲ့ကြောင်း အတ်ထာပိုလ်က ပြောကြားခဲ့သည်။

ပညာရေးဝန်ကြီးဌာနကမူ စိတ်ကျန်းမာရေး စစ်ဆေးမှုများနှင့် အန္တရာယ်ရှိနိုင်ခြေရှိသူများကို ကျွမ်းကျင်သူများထံ လွှဲပြောင်းပေးသည့် စနစ်၊ အရေးပေါ် တုံ့ပြန်ရေး အစီအစဉ်များအတွက် လေ့ကျင့်ခန်းများ၊ ကျောင်းတွင်း အနိုင်ကျင့်မှုကို အမြစ်ပြတ်ချေမှုန်းရေးနှင့် ကျောင်းအတွင်းသို့ တားမြစ်ပစ္စည်းများ ယူဆောင်လာခြင်းကို ပိုမိုကောင်းမွန်စွာ ထောက်လှမ်းတားဆီးရေးတို့ အပါအဝင် လုံခြုံရေး လုပ်ထုံးလုပ်နည်းအသစ်များကို လာမည့် သုံးလအတွင်း ရေးဆွဲဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ်နောက်ပိုင်း ထိုင်းနိုင်ငံတွင် အသေအပျောက် အများဆုံးဖြစ်ပွားခဲ့သည့် အဆိုပါ အစုလိုက်အပြုံလိုက် ပစ်ခတ်မှုကြောင့် လူပေါင်း ၂၀ ကျော် ဒဏ်ရာရရှိခဲ့ကာ သေဆုံးခဲ့ရသူများနှင့်အတူ အရှေ့တောင်အာရှ၏ သေနတ်ပိုင်ဆိုင်မှု အများဆုံးနိုင်ငံ၌ သေနတ်ထိန်းချုပ်ရေးဆိုင်ရာ ဆွေးနွေးမှုများကိုလည်း တစ်ကျော့ပြန် ဖြစ်ပေါ်လာစေခဲ့သည်။

ကိုးကား – Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *