PSM (News)

ဩဂုတ် ၁၀၊၂၀၂၆

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဟားမာ့စ် အဖွဲ့အနေဖြင့် လက်နက်စွန့်လွှတ်ရန် အပြည့်အဝသဘောတူမှသာ ဂါဇာ မြေမှ ဆုတ်ခွာမည်ဟု ပြောကြားလိုက်ပြီးနောက်၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ၏ ဂါဇာငြိမ်းချမ်းရေး ၁၅ ချက်ပါ လမ်းပြမြေပုံကို ပယ်ချလိုက်ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

တနင်္ဂနွေနေ့က ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေးတစ်ခုတွင် အစ္စရေးဝန်ကြီးချုပ်က ဟားမာ့စ်အဖွဲ့အနေဖြင့် အမှန်တကယ် လက်နက်စွန့်လွှတ်ခြင်း မရှိသေးသမျှ ကာလပတ်လုံး မည်သည့်စစ်တပ်မှ ဆုတ်ခွာပေးမည်မဟုတ်ကြောင်း BBC သတင်းဌာနက ဖော်ပြခဲ့သည်။ အဆိုပါ စစ်သွေးကြွအဖွဲ့သည် လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်ခုနီးပါး ဂါဇာကို အုပ်ချုပ်ခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့တွင် အစ္စရေးကို တိုက်ခိုက်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ စစ်ပွဲဖြစ်ပွားလာခဲ့ခြင်း ဖြစ်သည်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကမူ ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အမေရိကန်အရာရှိများနှင့် ဆွေးနွေးလျက်ရှိကြောင်း၊ အချို့သောအချက်များကို လက်ခံနိုင်သော်လည်း အချို့မှာ လက်ခံရန် ခက်ခဲကြောင်းနှင့် ဤကိစ္စရပ်များတွင် မိမိတို့၏ ရပ်တည်ချက်ကို ခိုင်မာစွာ ရပ်တည်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အစ္စရေးက ပါလက်စတိုင်းနယ်မြေမှ ဆုတ်ခွာပြီး တိုက်ခိုက်မှုများကို ရပ်တန့်မှသာလျှင် ၎င်းတို့၏ လက်နက်များကို အပ်နှံမည်ဖြစ်ကြောင်း ဟားမာ့စ် အဖွဲ့က တုံ့ပြန်ပြောကြားထားသည်။

ကိုးကား-The Independent

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *