PSM(News) သြဂုတ် ၁၀၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်နှင့် ဒီပဲယင်းမြို့နယ်တို့၌ ဒေသခံ ၅၀,၀၀၀ ကျော် ရေဘေးသင့် နေပြီး ရေဘေးကြောင့် အရပ်သား ရှစ် ဦးသေဆုံးကာ အရေးပေါ်အကူအညီများလည်းလို အပ်နေကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မူးမြစ်ရေမြင့်တက်လာခြင်း၊ ဆည်များမှ ရေပိုများကို ဖောက်ချခြင်းတို့ကြောင့် ခင်ဦး၊ ဒီပဲယင်း၊ ကန့်ဘလူ၊ကျွန်းလှ၊ ရေဦး၊ ဝက်လက်၊ တန့်ဆည်၊ အရာတော်မြို့ နယ်တို့မှ ဒေသခံများသည် ရေဘေးဒဏ်ကို ရင်ဆိုင်နေရသည်။ ခင်ဦးမြို့နယ်အတွင်း၌ ခင်ဦးမြို့အနောက်ဘက် မူးမြစ်ကမ်း အနီးရှိ ကျေးရွာ ၁၉ရွာမှ ဒေသခံ ၃၀,၀၀၀ ကျော် ရေဘေးသင့်နေပြီး ကျွန်းတောကြီးရွာမှ အသက် ၆၀ အရွယ် အသက်ကြီပိုင်း အမျိုးသမီး တစ်ဦးသေဆုံးသွားကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။ ”သူက ရောဂါသည်ပေါ့လေ။ အောက်ဆီဂျင်ပေးထားရတယ်။ ရေတအားဝင်လာတုန်း ကယ်ရင်းနဲ့ သေဆုံးသွားတာပါ ” ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးမှတာဝန်ရှိသူက PSM ကို ပြောသည်။ လက်ရှိတွင်မူ ခင်ဦးမြို့အနောက်ဘက်ရှိ မူးမြစ်၌ရေအနည်းငယ်ကျသွားပြီး အရှေ့ဘက် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေအမှတ်သို့ရောက်ရှိနေကြောင်း ၎င်း က ဆက်လက် ပြောကြားသည်။ ထို့ကြောင့် ဧရာဝတီမြစ်ဘေးရှိ အညာသီဟတော အပါ အဝင် ကျေးရွာ ခုနစ် ရွာ အနေဖြင့်ရေဘေး အန္တရာယ် အတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားကြရန်လိုအပ်ကြောင်း သိရသည်။ ”လိုအပ်ချက်ကတော့ အစအစအရာရာပေါ့လေ။ လမ်း ခရီး အခက်အခဲတွေလည်း ရှိတယ်။ အဓိက စားစရာ၊ နေစရာ၊ ဆေးဝါးပေါ့။ ထောက်ပံမှုတွေ လိုအပ်နေတယ် မြန်မြန်ကူပေးပါ ” ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန် ကြားရေးမှ တာဝန်ရှိသူက အကူအညီတောင်းခံထား သည်။ ဒီပဲယင်းမြို့နယ်တွင် ရေကြီးမှုကြောင့် ချောင်းကိုဖြတ်ကူးသည့် ကောက်စိုက်သမ ခြောက် ဦးရေစီးနှင့် မျောပါကာ သေဆုံးခဲ့ရပြီး၊ ကြူတောရွာမှ အမျိုးသမီး တစ်ဦးလည်း ရေနစ်သေဆုံးခဲ့ကြောင်းဒေသတွင်း သတင်းရင်းမြစ်များထံမှသိရသည်။ ရေကြီးမှုကြောင့် မြို့နယ်အတွင်းရှိ ကျေးရွာ၂၁ ရွာမှ ဒေသခံ ၂၅၆၂၄ ဦး ရေဘေး သင့်နေကြောင်း ဒီပဲယင်းမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထား သည်။ ဝက်လက်မြို့နယ်အတွင်း၌လည်း မူးမြစ်ကမ်းဘေးမှ ကျေးရွာ ၁၅ ရွာ အတွင်းသို့ ရေးများဝင်ရောက်လာသောကြောင့် ဒေသခံရွာသားများသည် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရပြီ အကူအညီများ လိုအပ်နေကြောင်း ဝက်လက်မြိုနယ်ပြည်သူကာကွယ်ရေးအဖွဲ့က အသိပေးထားသည်။ လက်ရှိတွင် စစ်ကိုင်းတိုင်းအတွင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖြစ်ပေါ်လာသည့် မူးမြစ်ရေသည် စိုးရိမ်ရေအမှတ်ကို ကျော်လွန်လာသည့်အပြင် ဆည်များမှ ရေပို ဖောက်ချခြင်းတို့ကြောင့် မြို့နယ် ၁၀ မြို့ နယ်ရှိ ကျေးရွာအနည်းဆုံး ၃၀၀ ကျော် ရေဘေးသင့်လျက်ရှိသည်။ လက်ရှိတွင် စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ မြို့နယ်များတွင် ရေကြီးရေလျှံမှုများ ပြင်းထန်စွာ ဖြစ်ပွားနေမှုများကို ကူညီထောက်ပံ့ရန်အတွက် အမျိုးသားညီ ညွတ်ရေးအစိုးရ (NUG) နှင့် ဖက်ဒရယ်ယူနစ် ကြားကာလအစိုးရ တို့ ပူးပေါင်း၍ အရေးပေါ်တုံ့ပြန်ဆောင် ရွက်ရေးပူးပေါင်းကော်မတီ (JERC) ကို ဖွဲ့စည်းလိုက်ကြောင်းသိရသည်။ ဓာတ်ပုံ- ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး Post navigation ရွှေကူတွင် အာဏာလုစစ်အုပ်စု စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များ ကြားဖြတ်တိုက်ခိုက်၊ လက်နက် ခဲယမ်းများ သိမ်းဆည်းရရှိ ဇာတ်မင်းသားကြီး မိုးမင်းနှင့် အနုပညာရှင်များ၏ အဝေးရောက် နတ်မင်းများ ဖျော်ဖြေပွဲ လာမည့် စက် တင်ဘာတွင် ကျင်းပမည်