PSM(News) ဩဂုတ် ၉၊ ၂၀၂၆ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်း၌ အာဏာလုစစ်အုပ်စု စစ်ကြောင်းကို KIA ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အာဏာလုစစ်တပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။ အာဏာလုစစ်အုပ်စုသည် ရွှေကူမြို့နှင့် တစ်မိုင်ကျော်အကွာ ရွှေကူ – စင်းခန်း လမ်းပေါ်ရှိ ငါးဘတ် ကြီးကျေး ရွာ၌ အင်အား ၈၀ ခန့်ဖြင့် တပ်စွဲထားပြီး ဩဂုတ်လ ၈ ရက်တွင် အင်အား ၃၀ ဝန်းကျင်ဖြင့် ရွာပြင်သို့ စစ်ကြောင်း ထွက်လာစဉ် တော်လှန်ရေးတပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက် ခြင်းကို ခံရခြင်းဖြစ်သည်။ ငါးဘတ်ကြီးရွာမှ အင်အား ၃၀ ဝန်းကျင်ဖြင့် ထွက်လာသည့် စစ်ကြောင်းကို ရွှေကူမြို့နှင့် နှစ်မိုင် ကျော်အကွာရှိ ဖြူရ လမ်းခွဲတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်း မြစ်က ဆိုသည်။ “အလောင်းတော့ မရဘူး၊ သူတို့ ဆွဲယူသွားတယ်။ လက်နက်ခဲယမ်းတွေတော့ ရလိုက်တယ်။ ရန်သူက ဆုတ်ခွာထွက်ပြေးသွားတယ်” ဟု ၎င်းက PSM (News) ကို ပြောသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၃ ရက်ကလည်း ရွှေကူမြို့နှင့် တစ်မိုင်ကျော်အကွာ ရွှေဘုန်းမြင့်ရွာ၌ ခြေကုပ် ယူထားသည့် အာဏာလုစစ်အုပ်စု၏ ကာကင်းစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ခဲ့သည်။ အာဏာလုစစ်တပ်သည် ပြီးခဲ့သည့် မေလဆန်းပိုင်းမှစ၍ ငအိုးကျေးရွာအခြေစိုက် ခလရ – ၁၂၁ တပ်ရင်း၌ အင်အားစုဖွဲ့ကာ ရွှေကူ – ငအိုး လမ်းပိုင်းမှတစ်ဆင့် ရွှေကူမြို့သို့ စစ်ကူများ ပို့ဆောင်နေ သောကြောင့် လမ်းပိုင်းတစ်လျှောက် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ အာဏာလုစစ်အုပ်စု၏ ရည်ရွယ်ချက်မှာ ရွှေကူမှတစ်ဆင့် နှစ်ချီကြာ မြို့တွင်းတိုက်ပွဲများ ပြင်းထန် နေသည့် ဗန်းမော်မြို့သို့ စစ်ကူပို့ရန်ဖြစ်ပြီး KIA ပူးပေါင်းတပ်ဖွဲ့များကလည်း လမ်းကြောင်းများကို ဖြတ်တောက်တိုက်ခိုက်လျက်ရှိသည်။ ယခု ဩဂုတ်လဆန်းမှစ၍ KIA ပူးပေါင်းတပ်ဖွဲ့များသည် ရွှေကူမြို့ကို ကာထားသည့် အာဏာလု စစ်အုပ်စု၏ ကာကင်းစခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေသဖြင့် တိုက်ပွဲများသည် မြို့ဧရိယာအနီးသို့ ရောက်ရှိလာပြီ ဖြစ်ကြောင်းသိရသည်။ ဓာတ်ပုံ-လူမှုကွန်ရက်(ပုံဟောင်း) Post navigation တောင်ဆူဒန်နှင့် မြန်မာနိုင်ငံတို့မှ ရွှေ့ပြောင်းနေထိုင်သူများအတွက် ယာယီအကာအကွယ်ပေးမှုကို ရုပ်သိမ်းရန် ဒေါ်နယ်ထရန့် အစိုးရအဖွဲ့အား အမေရိကန်တရားသူကြီးများ ခွင့်ပြု ခင်ဦးနှင့် ဒီပဲယင်းတွင် ဒေသခံ ၅၀,၀၀၀ ကျော်ရေဘေးသင့်နေပြီး ၈ ဦးသေဆုံးကာ အရေးပေါ်အကူအညီများလိုအပ်နေ