PSM (News) ဩဂုတ် ၁၀၊၂၀၂၆ တရုတ်နိုင်ငံ၏ ယခုနှစ်အတွင်း အပြင်းထန်ဆုံး အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းဖြစ်သော တိုင်ဖွန်းမုန်တိုင်း ဒေါ်ဖင်သည် တရုတ်နိုင်ငံ အရှေ့ပိုင်းကမ်းရိုးတန်းသို့ တနင်္ဂနွေနေ့က ဝင်ရောက်တိုက်ခတ်ခဲ့သည်။ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းတို့ ဖြစ်ပေါ်စေခဲ့ကာ ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်နိုင်ခြေရှိကြောင်း သတိပေးချက်များ ထုတ်ပြန်ထားသည်။ အဆိုပါမုန်တိုင်းသည် ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါစီရင်စုကို ဖြတ်သန်းတိုက်ခတ်ခဲ့ပြီးဖြစ်ရာ လူခြောက်ဦး ဒဏ်ရာရရှိကာ အဆောက်အအုံပေါင်း ၅၀,၀၀၀ ကျော်တွင် လျှပ်စစ်မီး ပြတ်တောက်ခဲ့သည်။ တိုင်ဖွန်းမုန်တိုင်း ဒေါ်ဖင်သည် တနင်္ဂနွေနေ့ နေ့လယ် ၅ နာရီခွဲခန့်က ဂျယ်ကျန်း ပြည်နယ် အရှေ့ပိုင်း ယုဟွမ်းမြို့အနီးသို့ ဝင်ရောက်တိုက်ခတ်ခဲ့ကြောင်း နိုင်ငံ၏ မိုးလေဝသဌာနများက ထုတ်ပြန်ခဲ့သည်။ မုန်တိုင်းသည် ကုန်းတွင်းသို့ ဝင်ရောက်ချိန်တွင် ဗဟိုချက်အနီး၌ တစ်နာရီလျှင် ၁၅၁ ကီလိုမီတာ ဖြင့် အပြင်းထန်ဆုံးလေတိုက်ခတ်ခဲ့သည်။ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ပြီးနောက် မုန်တိုင်းသည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဖြစ်ပြီး တရုတ်နိုင်ငံ အလယ်ပိုင်းနှင့် အနောက်တောင်ပိုင်းတို့တွင် ဖြည်းညှင်းစွာ ရွေ့လျားကာ အရှိန်လျော့သွားမည်ဖြစ်ကြောင်း အမျိုးသားမိုးလေဝဗဟိုဌာနက နိုင်ငံပိုင် CCTV ရုပ်သံသို့ ပြောကြားခဲ့သည်။ ယင်းကဲ့သို့ ဖြစ်ပေါ်ခြင်းကြောင့် မိုးသည်းထန်မှု ကြာရှည်နိုင်ပြီး အထူးသဖြင့် တောင်တန်းဒေသများနှင့် မြစ်ငယ်များအနီးတွင် ရေကြီးခြင်းနှင့် မြေပြိုခြင်းအန္တရာယ် ပိုမိုမြင့်တက်လာစေနိုင်သည်။ နိုင်ငံအရှေ့ပိုင်းတွင် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ထိခိုက်ခဲ့ပြီး လူတစ်သန်းကျော်ကို နေရပ်များမှ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။ ရှန်ဟိုင်းမြို့သည် လူပေါင်း ၃၀,၃၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့သည့်အပြင် လေယာဉ်ခရီးစဉ် ၁,၅၀၀ ခန့်ကိုလည်း ဖျက်သိမ်းခဲ့သည်။ ကိုးကား-CBC Post navigation ဂါဇာငြိမ်းချမ်းရေး လမ်းပြမြေပုံကို နေတန်ယာဟု ပယ်ချ၊ ဟားမာ့စ်နှင့် အစ္စရေးတို့၏ အနေအထား တင်းမာဆဲ အီရန်သမ္မတနှင့် ခေါင်းဆောင်ကြီး ခါမေနီတို့ တွေ့ဆုံခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ ဖော်ပြ