မောင်မောင်ကဲ/PSM(News) ဧပြီ ၁၀ ၊ ၂၀၂၆ ၂၀၂၁ အာဏာသိမ်း စစ်တပ် ဦးဆောင်ကျင်းပခဲ့သည့် အတုအယောင်ရွေးကောက်ပွဲမှ ပေါ်ထွက်လာသော လွှတ်တော်က တင်မြှောက်သည့် အမည်ခံသမ္မတအဖြစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ယနေ့ ဧပြီ ၁၀ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်တွင် ကျမ်းသစ္စာပြု ကျမ်းကျိန် ခဲ့သည်။ ကျမ်းကျိန်ပွဲတွင် စစ်ခေါင်းဆောင်နှင့်အတူ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစော၊ ဒေါ်နန်းနီနီ အေးနှင့် စစ်ဘက်အရာရှိဟောင်းများ၊ ကြံ့ခိုင်ရေးကိုယ်စားလှယ် (USDP) အချို့ ပါဝင်သော ပြည်ထောင် စုဝန်ကြီး ၃၀ ဦးတို့ကလည်း တစ်ပါတည်း ကျမ်းသစ္စာဆိုခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ တရုတ်အထူးကိုယ်စားလှယ်၊ အိန္ဒိယလက်ထောက်ဝန်ကြီးနှင့် ထိုင်းကိုယ်စား လှယ်အချို့ တက်ရောက်ခဲ့ကြသော်လည်း ကုလသမဂ္ဂ၊ အာဆီယံနှင့် နိုင်ငံတကာအသိုက်အဝန်း အများစု ကမ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အစိုးရသစ်အပေါ် အသိအမှတ်ပြုခြင်း မရှိပေ။ ထို့နောက် အမည်ခံသမ္မအဖြစ် ခံယူလိုက်သော စစ်ခေါင်းဆောင်သည် မိနစ် ၂၀ ခန့်ကြာသော မိန့်ခွန်းကို ပြောကြားရာတွင် ၎င်းကို ပြည်သူလူထုက ရွေးချယ်တင်မြှောက်လိုက်ခြင်းဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ သည် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း မျက်နှာ ပြောင်တိုက် ပြောဆိုခဲ့သည်။ “ပြည်သူအားလုံးကို ကိုယ်စားပြုတဲ့ ပြည်ထောင်စုလွှတ်တော်က ကျွန်တော့်ကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့တဲ့အတွက် ပြည်သူလူထုရဲ့ ဆန္ဒကိုလေးစားစွာနဲ့ နိုင်ငံ့တာဝန်ကို ဂုဏ်ယူ ဝမ်းမြောက်စွာထမ်းဆောင်သွားမှာဖြစ်ပါတယ်” ဟု အမည်ခံသမ္မတ မင်းအောင်လှိုင်က ပြောကြား ခဲ့သည်။ ထို့ပြင် ယခင်ရွေးကောက်ပွဲရလဒ်များကို အဓမ္မအာဏာရယူရန် ကြိုးပမ်းမှုအဖြစ် စွပ်စွဲခဲ့ပြီး ယခု အခါမှသာ တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့သဖြင့် ဒီမိုကရေစီစနစ် ပြန်လည်စတင်နိုင်ပြီ ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုခဲ့သည်။ ထို့နောက် အမည်ခံ သမ္မတ စစ်ခေါင်းဆောင်သည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) ကို ၎င်း၏လူယုံတော်များဖြစ်သည့် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဗိုလ်ချုပ်ကြီး ကျော်စွာလင်း တို့ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းကိုမူ အဆုံးအဖြတ်ပေးပိုင်ခွင့်မရှိသော “ပြည်ထောင်စုအတိုင်ပင်ခံ ကောင်စီ” ဥက္ကဋ္ဌအဖြစ် ရာထူးရွှေ့ပြောင်းကာ ကာလုံအဖွဲ့ဝင်အဖြစ်မှ ဖယ်ထုတ်ခဲ့သည်။ အဆိုပါအတိုင်ပင်ခံကောင်စီတွင် ဒုစစ်ခေါင်းဆောင် စိုးဝင်းနှင့်အတူ ဦးကိုကိုကြီး၊ မန်းငြိမ်းမောင် အပါအဝင် အဖွဲ့ဝင် ၁၁ ဦး ပါဝင်ပြီး ၎င်းတို့သည် အမည်ခံသမ္မတအား အကြံပြုရုံသာ လုပ်ပိုင်ခွင့် ရှိမည်ဖြစ်သည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အစိုးရအဖွဲ့သစ်ဖွဲ့၍ သမ္မတအမည်ခံကာ အာဏာအားလုံးကို ဆက်လက်ချုပ်ကိုင်ရန်အတွက် စစ်တပ်အတွင်း သြဇာရှိသည့် ဒုစစ်ခေါင်းဆောင်ကို ဖယ်ရှားကာ အကြံပေးအဖွဲ့သို့ ပို့ဆောင်လိုက်ပြီဖြစ်သည်။ Post navigation “ကချင်မြေကိုလာပါ” တေးသီချင်းဖြင့် လူသိများသည့် တေးသံရှင် ဂျက်ဆန်ထွန်း တရုတ်နိုင်ငံတွင် ကွယ်လွန် လှိုင်မြို့နယ်၊ သီရိမင်္ဂလာဈေးအနီးတွင် YBS (၆၀) ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား၊ ၁၁ မိနစ်အတွင်း မီးငြှိမ်းသတ်နိုင်ခဲ့