PSM (News) စက်တင်ဘာ ၁၊၂၀၂၆ လွန်ခဲ့သည့် ဇူလိုင်လနှောင်းပိုင်းနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်နှင့် အီရန်တို့ အပြန်အလှန် တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားခဲ့ပြီးနောက် ရေနံဈေးနှုန်းများ ၃.၅ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့ပြီး၊ အီရန်နိုင်ငံအနေဖြင့် အမေရိကန်နှင့် ဖြစ်ပွားနေသော ပဋိပက္ခအတွက် ဆွေးနွေးညှိနှိုင်းအဖြေရှာမည့် မူဝါဒကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ကြောင်း အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန် က တနင်္လာနေ့တွင် ပြောကြားလိုက်သည်။ ကာဂျစ္စတန်နိုင်ငံ၌ ကျင်းပသည့် ဒေသတွင်း လုံခြုံရေး အစည်းအဝေးတစ်ခုတွင် အိန္ဒိယဝန်ကြီးချုပ် နရန်ဒြာမိုဒီ နှင့် တွေ့ဆုံစဉ် သမ္မတ ပီဇက်ရှ်ကီယန်က အမေရိကန်ဘက်မှ ယခင် သဘောတူညီချက်များအပေါ် ကတိကဝတ်များကို ဖောက်ဖျက်ခဲ့ကြောင်း စွပ်စွဲခဲ့သည်။ သို့သော်လည်း စစ်ပွဲ ဆက်လက်ဖြစ်ပွားနေခြင်းသည် မည်သူ့အတွက်မျှ အကျိုးမရှိကြောင်း၊ ဆွေးနွေးညှိနှိုင်းမှုနှင့် ပူးပေါင်းဆောင်ရွက်မှုသည်သာ ပြဿနာများအတွက် အဖြေဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုခဲ့သည်။ ဂျော်ဒန်နိုင်ငံရှိ အမေရိကန်စစ်စခန်းများအပေါ် အီရန်က ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ခြင်းမှာ ၎င်းတို့၏ လာရက်ကျွန်းရှိ ဒုံးကျည်ပစ်လွှတ်စင်များကို အမေရိကန်တပ်ဖွဲ့များက တိုက်ခိုက်ခဲ့မှုအပေါ် လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း အီရန်မီဒီယာများက ဖော်ပြသည်။ အဆိုပါ လာရက်ကျွန်း တိုက်ခိုက်မှုကြောင့် ဒေသခံ ၂ ဦး သေဆုံးခဲ့ပြီး အခြားသူများလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ အီရန်၏ အဓိက ရေနံတင်ပို့ရာ ကျွန်းတစ်ကျွန်းဖြစ်သည့် ခါ့ဂ်ကျွန်းဖျက်ဆီးခံရကြောင်း ပြသထားသည့် AI ဖြင့် ဖန်တီးထားသော ဗီဒီယိုဖိုင်တစ်ခုကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏ Truth Social အကောင့်တွင် တင်ခဲ့သော်လည်း အဆိုပါကျွန်း တိုက်ခိုက်ခံရခြင်း မရှိကြောင်း အမေရိကန် တာဝန်ရှိသူများနှင့် အီရန်ဘက်က အတည်ပြု ငြင်းဆိုခဲ့သည်။ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ဟော်မုဇ်ရေလက်ကြားအတွင်း ပင်လယ်ရေအောက်မိုင်းတွင်းများ ချရန် ပြင်ဆင်နေသည်ကို တွေ့ရှိရသဖြင့် တားဆီးတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ ကမ္ဘာ့ရေနံတင်ပို့မှု၏ ငါးပုံတစ်ပုံကို ဖြတ်သန်းသယ်ဆောင်ရာ အဆိုပါ ရေလက်ကြားမှာ စစ်ပွဲစတင်ကတည်းက ပိတ်ဆို့ခံထားရဆဲ ဖြစ်သည်။ Post navigation မြောက်ပိုင်း ဆိုက်ပရပ်စ်ကမ်းလွန်တွင် ခရီးသည်တင်သင်္ဘော တိမ်းမှောက်မှုကြောင့် လူ ခုနစ်ဦး သေဆုံးပြီး အများအပြား ပျောက်ဆုံးနေ ထိုင်းနိုင်ငံ၊နာခွန်ဖနွမ်ခရိုင်တွင် အလုပ်ခန့်အပ်မှု စာမေးပွဲ မမှန်မကန်လုပ်ဆောင်မှုဖြင့် ဒေသန္တရအရာရှိ ၄၇ ဦး ရာထူးမှ ထုတ်ပယ်ခံရ