PSM (News) စက်တင်ဘာ ၁၊ ၂၀၂၆ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အသီးသီး၌ လူငယ်များ ဆက်တိုက် ပျောက်ဆုံးနေခြင်းနှင့် လမ်းပေါ်တွင် ရမ်းသမ်းဖမ်းဆီးခံရသည့် ဖြစ်စဉ်များ ဆက်တိုက် ဖြစ်ပွားနေသဖြင့် ဒေသခံ ပြည်သူများအကြား စိုးရိမ်ပူပန်မှုများ ပိုမို မြင့်တက်လျက် ရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ တတိယပတ်နှင့် စတုတ္ထပတ်အတွင်း ရွှေပြည်သာ၊ အင်းစိန်၊ လှည်းကူး၊ မင်္ဂလာတောင်ညွန့်၊ သာကေတ၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ သင်္ဃန်းကျွန်း၊ ဒေါပုံနှင့် စမ်းချောင်း စသည့် မြို့နယ် ၉ ခုထက်မနည်းတွင် လူငယ်များနှင့် ပြည်သူ အနည်းဆုံး ၃၅ ဦးခန့် လမ်းမပေါ်၌ သွားလာနေစဉ် ရမ်းသမ်းဆွဲဖမ်းခံရခြင်းနှင့် အလုပ်အကိုင်ဖြင့် မျှားခေါ်ကာ ဖမ်းဆီးခံရခြင်းများ ရှိခဲ့ကြောင်း မြို့ပြစောင့်ကြည့်ရေး အဖွဲ့အစည်းများ၏ စာရင်းများအရ သိရသည်။ ထို့အပြင် ရွှေပြည်သာမြို့နယ်၊ အမှတ် (၁၄) ရပ်ကွက်တွင် နေထိုင်သည့် အသက် ၁၇ နှစ်အရွယ် မောင်ကောင်းမြတ်စံဆိုသူမှာလည်း ဩဂုတ်လ ၆ ရက်ကတည်းက ဝါးတရာစက်မှုဇုန်အတွင်း အလုပ်သွားရောက် လျှောက်ထားရာမှ ယနေ့အထိ အဆက်အသွယ် မရဘဲ ပျောက်ဆုံးနေကြောင်း မိသားစုဝင်များက ဆိုသည်။ အလားတူ MFF Futsal League တွင် ပါဝင်ကစားနေသည့် Gold Dream FC အသင်းမှ ကျောနံပါတ် (၁၇) သီဟအောင် ၂၁ နှစ်နှင့် MFF U19 Youth Futsal League တွင် ကစားနေသည့် ကျောနံပါတ် (၁၁) စွမ်းထက်ကျော် ၁၈ နှစ်) တို့နှစ်ဦးမှာလည်း ဩဂုတ်လ ၁၉ ရက်က သုဝဏ္ဏ ဘောလုံးကွင်းမှ ပြန်လာစဉ် မြောက်ဒဂုံ (၅၀)ကွေ့အရောက်တွင် အဆက်အသွယ် ပြတ်တောက်သွားခဲ့ပြီး ရဲစခန်း၌ လူပျောက်အမှုဖွင့်ကာ လိုက်လံရှာဖွေနေသော်လည်း ၁၀ ရက်ကျော်ကြာသည်အထိ မည်သည့်သတင်းမျှ မရရှိသေးပေ။ ယခုကဲ့သို့ လူငယ်များ ပျောက်ဆုံးနေချိန်တွင် အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်မှ အရံမီးသတ်အရာရှိ သိန်းဦး (ခ) အငယ်လေး ဆိုသူသည် မိမိနေအိမ်၌ သီးသန့် အချုပ်ခန်းဆောက်လုပ်၍ လူငယ်များကို ထိပ်တုံးခတ် ချုပ်နှောင်ကာ စစ်တပ်ထံ လူပွဲစားလုပ်၍ ရောင်းစားနေသည့် ဖြစ်စဉ်တစ်ခုကို ဩဂုတ်လ ၂၅ ရက်က စီးနင်းတွေ့ရှိခဲ့ရသည်။ အဆိုပါ စီးနင်းမှုအတွင်း အလုပ်ရမည်ဟု လိမ်လည်ခေါ်ဆောင်ကာ နေအိမ်၌ ထိပ်တုံးခတ် ချုပ်နှောင်ခံထားရသည့် ဘိုကလေးမြို့နယ်မှ လူငယ် လေးဦးကို ကယ်တင်နိုင်ခဲ့ပြီး စစ်တပ်ထံ လူငယ်များကို ရောင်းစားရန် ပြုလုပ်နေသူ အရံမီးသတ်အရာရှိ သိန်းဦးနှင့် ၎င်း၏ သားမက်ဖြစ်သူ သန်းစိုးတို့နှစ်ဦးအား အင်းစိန်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၆၅ (မတရား အကျဉ်းချထားရန် ပြန်ပေးဆွဲမှု) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲသတင်းရင်းမြစ်ထံမှ သိရသည်။ လက်ရှိတွင် ရန်ကုန်တိုင်းအတွင်း မြို့နယ်များ၌ လူငယ်များ ပျောက်ဆုံးမှု အကြိမ်ကြိမ် ဖြစ်ပွားနေသဖြင့် သွားလာလှုပ်ရှားရာတွင် အထူးဂရုစိုက်ကြရန် မိသားစုဝင်များနှင့် ဒေသခံများက အသိပေး နှိုးဆော်ထားသည်။ ဓာတ်ပုံ-လူမှုကွန်ရက် Post navigation တောင်တရုတ်ပင်လယ် အပူပိုင်းမုန်တိုင်းငယ်နှင့် မုတ်သုံမြောင်တန်းကြောင့် မိုးဆက်လက်သည်းထန်နိုင်ပြီး မြစ်ရေများ စိုးရိမ်ရေအမှတ်အထက် ရောက်ရှိနိုင် မကွေး-နတ်မောက် လမ်းပိုင်းတွင် စစ်တပ်ယာဉ်တန်းနှင့် ဂိတ်စခန်း တိုက်ခိုက်ခံရပြီး အရာခံဗိုလ် အပါအဝင် ၅ ဦး သေဆုံး