PSM(News) စက်တင်ဘာ ၁ ၊ ၂၀၂၆ တောင်တရုတ်ပင်လယ်ကမ်းလွန်ရှိ အပူပိုင်းမုန်တိုင်းငယ် (Tropical Depression)၊ ဘင်္ဂလားပင်လယ်အော်ရှိ အားကောင်းသော လေဖိအားနည်းရပ်ဝန်းနှင့် မုတ်သုံမြောင်တန်းတို့ကြောင့် လာမည့် ၃ ရက်အတွင်း မြန်မာနိုင်ငံ ဒေသအများအပြားတွင် မိုးဆက်လက် သည်းထန်စွာ ရွာသွန်းနိုင်ကြောင်း ထိုင်းမိုးလေဝသဌာန (TMD) ၏ ဂြိုဟ်တုပုံရိပ်များနှင့် စစ်ဆေးတွေ့ရှိချက်အရ သိရသည်။ မုတ်သုံမြောင်တန်းနှင့် မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်များ၏ ရိုက်ခတ်မှုကြောင့် ကချင်၊ စစ်ကိုင်းအထက်ပိုင်း၊ ရှမ်းနှင့် ချင်းပြည်နယ်တို့တွင် ၃ ရက်အတွင်း မိုးရေချိန် ၁ လက်မမှ ၇ လက်မအထိ ရရှိကာ မိုးအလွန်ကြီးနိုင်သည်။ ထို့ပြင် အနောက်တောင်မုတ်သုံလေ တိုးဝင်မှုကြောင့် ရခိုင်၊ မွန်၊ ကရင်၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီနှင့် တနင်္သာရီတိုင်းတို့တွင်လည်း ဒေသအလိုက် မိုးကြီးနိုင်သည့်အတွက် တောင်ကုန်းတောင်တန်း ဒေသများတွင် မြေပြိုခြင်း၊ တောင်ကျရေကျခြင်းနှင့် မြစ်ရေတက်ခြင်းများ အထူးသတိပြုကြရန် အသိပေးထားသည်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ) ၏ ထုတ်ပြန်ချက်များအရ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် စိုးရိမ်ရေအမှတ်အထက် ကျော်လွန်နေပြီး နောက်ထပ် ၁ ပေခွဲခန့် ဆက်လက်မြင့်တက်နိုင်သလို သံလွင်မြစ်ရေ (ဘားအံ) နှင့် စစ်တောင်းမြစ်ရေ (မဒေါက်) တို့သည်လည်း စိုးရိမ်ရေအမှတ်အထက်တွင် ဆက်လက်ရှိနေဦးမည်ဖြစ်သည်။ အလားတူ ရွှေကျင်မြစ်၊ ပဲခူးမြစ်နှင့် ဘီးလင်းမြစ်တို့သည်လည်း နောက် ၂၄ နာရီအတွင်း စိုးရိမ်ရေအမှတ်သို့ ရောက်ရှိလာနိုင်သဖြင့် မြဝတီ၊ ပဲခူး၊ ဘီးလင်း၊ ဘားအံနှင့် မဒေါက်မြို့နယ်များမှ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ ရေဘေးလွတ်ရာသို့ ကြိုတင်ရှောင်ရှားကြရန် လိုအပ်သည်။ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ် မြစ်ကြောင်းအထက်ပိုင်းများတွင်လည်း မြစ်ရေပြန်လည် မြင့်တက်လာနေပြီး မင်းဘူးနှင့် ဇလွန်မြို့တို့တွင် စက်တင်ဘာလအတွင်း စိုးရိမ်ရေအမှတ်ဝန်းကျင်သို့ ပြန်လည်ရောက်ရှိလာနိုင်ကြောင်း ခန့်မှန်းထားသည်။ ပင်လယ်ပြင် အခြေအနေတွင် မြန်မာ့ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ မိုးသက်လေပြင်းများ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် ၁၁ ပေမှ ၁၂ ပေအထိ ရှိနိုင်သည့်အတွက် ရေကြောင်းသွားလာရေးနှင့် ကမ်းနီးကမ်းဝေး ရေလုပ်သားများ ပင်လယ်ပြင်သို့ ထွက်ခွာခြင်း မပြုကြရန် သတိပေးထားသည်။ မြို့နယ်အလိုက် အခြေအနေများအနေဖြင့် လာမည့်ရက်ပိုင်းအတွင်း သာစည်တွင် မိုးအနည်းငယ်မှ နေရာကွက် မိုးသည်းထန်နိုင်ပြီး မင်းလှနှင့် ညောင်တုန်းမြို့နယ်တို့တွင် မိုးအသင့်အတင့်မှ မိုးများနိုင်ကာ ဇလွန်မြို့နယ်တွင်လည်း နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။ Post navigation ရွှေကူတွင် စစ်အုပ်စု၏ ခြေကုပ်စခန်းတစ်ခုကို KIA ပူးပေါင်းတပ်များ သိမ်းပိုက်၊ စင်းခန်းတံတားဘက်သို့ ထိုးစစ်ဆင်မှုကို ဟန့်တားထားနိုင် ရန်ကုန်တွင် လူငယ်များ ဆက်တိုက် ပျောက်ဆုံး/ဖမ်းဆီးခံနေရပြီး စစ်တပ်ထံ ရောင်းစားသည့် အရံမီးသတ်အရာရှိ နေအိမ် အချုပ်ခန်း စီးနင်းခံရ