PSM(News)

စက်တင်ဘာ ၁ ရက်

တိုက်ပွဲများ ပြင်းထန်နေသည့် ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်း အာဏာလုစစ်အုပ်စု၏ ခြေကုပ် စခန်းကုန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက် လိုက်ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

ရွှေကူမြို့နယ်၊ ဇင်ဘုံကျေးရွာ အနောက်ဘက်ရှိ စစ်တပ် အထိုင်ချထားသော ခြေကုပ်စခန်းကုန်းကို ပြီးခဲ့သည့် ဩဂုတ် ၃၀ ရက်တွင် တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

“မနေ့က ဇင်ဘုံရွာ နောက်ကျောက ခြေကုပ်ကုန်းကို သိမ်းပိုက်နိုင်ခဲ့တယ်။ ဧရာဝတီမြစ်နဲ့ ကားလမ်း ကြားက ကုန်းပါ” ဟု KIA စစ်ရေးသတင်းရင်းမြစ်က PSM ကို ပြောသည်။

အာဏာလုစစ်တပ်သည် ရွှေကူမြို့နှင့် ဗန်းမော်မြို့ကြား စစ်ရေးဗျူဟာအရ အရေးပါပြီး KIA ပူးပေါင်း တပ်များ ထိန်းချုပ်ထားသည့် စင်းခန်းတံတားကို ပြန်လည်သိမ်းပိုက်နိုင်ရန်အတွက် ရွှေကူမြို့မှ မိုင် ၂၀ ခန့်အကွာရှိ ဇင်ဘုံကျေးရွာဘက်သို့ အင်အား ၂,၀၀၀ ခန့်ဖြင့် အပြင်းအထန် ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။

လက်ရှိတွင် စင်းခန်းတံတားနှင့် ၁၀ မိုင်ကျော်ခန့်ကွာဝေးသည့် ဇင်ဘုံကျေးရွာကို KIA ပူးပေါင်းတပ်များက ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်ပြီး၊ တံတားအား ပြန်ရရန် ထိုးစစ်ဆင်လာသည့် စစ်အုပ်စု၏ စခန်းကုန်း တစ်ခုကို သိမ်းပိုက်လိုက်ခြင်းဖြင့် စစ်တပ် ထိုးစစ်ကို အတိုင်းအတာတစ်ခုအထိ ဟန့်တားထားနိုင် ခဲ့ကြောင်း သိရသည်။

အဆိုပါ အခြေအနေနှင့် ပတ်သက်၍ “အခြေအနေတစ်ခုအထိ ဟန့်တားလိုက်နိုင်တဲ့ သဘောပါပဲ” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း ရွှေကူမြို့သို့ ရောက်ရှိလာသည့် ထောက်ပို့သင်္ဘောအုပ်စုတွင် ပါဝင် လာသော တပ်မ (၉၉) တပ်ဖွဲ့များ ဇင်ဘုံရွာသို့ စစ်ကူလာစဉ် စစ်ကြောင်းမှူး ဗိုလ်မှူးတစ်ဦး ဇင်ဘုံရွာ ဘုန်းကြီးကျောင်းတိုက်ပွဲ၌ သေဆုံးခဲ့ပြီး ဇင်ဘုံရွာတိုက်ပွဲအတွင်း စစ်အုပ်စုတပ်ဖွဲ့များ အထိနာလျက် ရှိကြောင်း သိရသည်။

ပုံစာ-စင်းခန်းတံတားကို KIA ပူးပေါင်း တပ်ဖွဲများ သိမ်းပိုက်ခဲ့စဉ်၊ (၂၀၂၄ ပုံဟောင်း)

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *