PSM(NEWS)

ဧပြီ ၁၊၂၀၂၆

ဥရောပသမဂ္ဂ(EU)၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် ကာဂျာ ကားလတ်စ် နှင့် EU နိုင်ငံခြားရေးဝန်ကြီးများသည် ဗူချာမြို့ လူသတ်ပွဲ (၄) နှစ်ပြည့် အထိမ်းအမှတ်ကို တက်ရောက်ရန်နှင့် ယူကရိန်းအပေါ် ထောက်ခံမှုပြသရန် အင်္ဂါနေ့တွင် ကိယက်ဗ်မြို့သို့ ရောက်ရှိလာခဲ့ကြသည်။

ဤခရီးစဉ်သည် ယူကရိန်းကို အကူအညီပေးရေးကိစ္စနှင့် ပတ်သက်၍ EU အဖွဲ့ဝင်နိုင်ငံများကြား သဘောထားကွဲလွဲမှုများ ရှိနေစဉ်အတွင်း ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး အန်ဒရီ ဆိုင်ဘီဟာ က ကားလတ်စ်နှင့် သံတမန်များကို ကိယက်ဗ် ဗဟိုဘူတာရုံတွင် ကြိုဆိုခဲ့ပြီး၊ ဥရောပခေါင်းဆောင်များ ယခုကဲ့သို့ ရောက်ရှိလာခြင်းသည် ရုရှား၏ ကျူးလွန်မှုများအတွက် တရားမျှတမှု ရရှိလာတော့မည်ဖြစ်ကြောင်း ပြသနေခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ကားလတ်စ်နှင့်အဖွဲ့သည် ရုရှားတပ်ဖွဲ့များက အရပ်သား ၄၀၀ ကျော်ကို သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခံထားရသော ဗူချာမြို့လေးသို့ သွားရောက်ခဲ့ကြသည်။ “ဗူချာမြို့ဟာ ရုရှားကျူးကျော်စစ်ရဲ့ ရက်စက်မှုကို ပြသတဲ့ သင်္ကေတတစ်ခု ဖြစ်လာခဲ့ပါပြီ” ဟု ကားလတ်စ်က သူမ၏ X (ယခင် Twitter) အကောင့်တွင် ရေးသားခဲ့သည်။ “ဒီရာဇဝတ်မှုတွေအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့် မရစေရဘူးဆိုတာ EU က အာမခံပါတယ်။ ရုရှားဟာ သူတို့ကျူးလွန်ခဲ့တာတွေအတွက် တာဝန်ခံရပါလိမ့်မယ်။”

ရုရှားဘက်ကမူ ဗူချာမြို့တွင် ၎င်းတို့တပ်ဖွဲ့များက ရက်စက်မှုများ ကျူးလွန်ခဲ့သည်ဆိုခြင်းကို ငြင်းဆိုထားပြီး ယူကရိန်းက လုပ်ကြံဖန်တီးထားခြင်းဖြစ်သည်ဟု ပြန်လည်စွပ်စွဲထားသည်။

သို့သော်လည်း ကုလသမဂ္ဂ (UN) ၏ အတည်ပြုချက်အရ ရုရှားကျူးကျော်မှု စတင်ချိန်မှစ၍ လက်ရှိအချိန်အထိ ယူကရိန်းအရပ်သား ၁၅,၃၆၄ ဦး သေဆုံးခဲ့ပြီး၊ အမှန်တကယ် သေဆုံးသူအရေအတွက်မှာ ယခုထက် ပိုမိုများပြားနိုင်ကြောင်း သိရသည်။

“ဒီခရီးစဉ်တိုင်းဟာ ယူကရိန်းပြည်သူတွေရဲ့ သတ္တိနဲ့ ခံနိုင်ရည်ကို သတိပေးနေတာပါ” ဟု ကားလတ်စ်က ပြောကြားခဲ့သည်။ “ဥရောပဟာ ခင်ဗျားတို့ဘက်မှာ ရှိနေပါတယ်။ စစ်ရေး၊ ဘဏ္ဍာရေး၊ စွမ်းအင်နဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို ဆက်လက် ပေးအပ်သွားမှာပါ။”

လက်ရှိတွင် ဥရောပသည် ယူကရိန်းအတွက် အဓိက အထောက်အပံ့ပေးသူ ဖြစ်လာသော်လည်း EU ၏ ယူကရိန်းအတွက် ယူရို ၉၀ ဘီလီယံ ချေးငွေကို ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အော်ဘန်က ပိတ်ပင်ထားဆဲဖြစ်သည်။ ထို့ပြင် ဟန်ဂေရီသည် ယူကရိန်းကို EU အဖွဲ့ဝင်အဖြစ် လက်ခံရေး ဆွေးနွေးမှုများကိုလည်း ဟန့်တားလျက်ရှိသည်။

ယူကရိန်းအရာရှိများကမူ ယခုခရီးစဉ်ကို အခွင့်ကောင်းယူ၍ ရုရှား၏ စစ်ရာဇဝတ်မှုများအတွက် တရားစီရင်မည့် အထူးခုံရုံး ဖွဲ့စည်းရေးကို တွန်းအားပေးရန် စီစဉ်နေကြသည်။ ဝန်ကြီး ဆိုင်ဘီဟာက “ဥရောပရဲ့ အနာဂတ်နဲ့ လုံခြုံရေးကို ဒီယူကရိန်းမြေပေါ်မှာပဲ ဆုံးဖြတ်နေကြတာပါ” ဟု အလေးအနက် ပြောကြားခဲ့သည်။

တစ်ဖက်တွင်လည်း မော်စကိုက အဆိုပါ အထူးခုံရုံးကို အသိအမှတ်ပြုမည်မဟုတ်ကြောင်းနှင့် ယင်းခုံရုံးတွင် ပါဝင်သည့် မည်သည့်နိုင်ငံကိုမဆို ရန်လိုသော လုပ်ရပ်အဖြစ် သတ်မှတ်မည်ဟု တုံ့ပြန်ထားသည်။

ဆိုင်ဘီဟာက အမေရိကန်-အစ္စရေးနှင့် အီရန်တို့ကြား ဖြစ်ပွားနေသော စစ်ပွဲများကြောင့် ကမ္ဘာ့အာရုံ စိုက်မှုများ ပြန့်နှံ့နေသော်လည်း၊ ယူကရိန်းစစ်ပွဲကို ဆက်လက် အာရုံစိုက်ပေးကြရန် မိတ်ဖက်နိုင်ငံများကို တောင်းဆိုခဲ့သည်။

အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ယူကရိန်းငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ရပ်တန့်နေရသလို၊ အနောက်နိုင်ငံများ၏ လက်နက်ထောက်ပံ့မှုများ လျော့နည်းသွားမည်ကိုလည်း ယူကရိန်းဘက်က စိုးရိမ်လျက်ရှိသည်။

ကိုးကား Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *