PSM(NEWS)

ဧပြီ ၁၊၂၀၂၆

အမေရိကန်၏ စွမ်းအင်ပိတ်ဆို့မှုများ ရှိနေသော်လည်း ရုရှားရေနံတင်သင်္ဘောတစ်စင်းသည် အင်္ဂါနေ့တွင် ကျူးဘားနိုင်ငံ၊ မာတန်ဇတ်စ့်ဆိပ်ကမ်းသို့ ရေနံစိမ်း စည်ပေါင်း ၇ သိန်း ၃ သောင်း တင်ဆောင်ကာ ဆိုက်ကပ်ခဲ့သည်။

၎င်းသည် ၃ လအတွင်း ကျူးဘားကျွန်းသို့ ပထမဆုံးအကြိမ် ရောက်ရှိလာသည့် ရေနံတင်သင်္ဘောဖြစ်သည်။

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်၏ အစိုးရအဖွဲ့သည် Anatoly Kolodkin အမည်ရှိ အဆိုပါသင်္ဘောကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

ကျူးဘားနိုင်ငံ၏ စွမ်းအင်နှင့် သတ္တုတွင်းဝန်ကြီး ဗင်းဆင့် ဒီလာအို လီဗီ အပါအဝင် ပြည်သူများက သင်္ဘောဆိုက်ကပ်မှုကို ဝမ်းမြောက်စွာ ကြိုဆိုခဲ့ကြသည်။

လတ်တလောတွင် ကျူးဘားနိုင်ငံ၌ စွမ်းအင်ပြတ်လပ်မှုကြောင့် လျှပ်စစ်မီးများ ရေရှည်ပြတ်တောက်ခြင်း၊ အစားအစာနှင့် ဆေးဝါးများ ပြတ်လပ်ခြင်းစသည့် စီးပွားရေး အကျပ်အတည်းများနှင့် ရင်ဆိုင်နေရသည်။

“အခုလို ခက်ခဲတဲ့ စွမ်းအင်အကျပ်အတည်းကြားမှာ ရောက်ရှိလာတဲ့ ဒီအဖိုးတန်ကုန်စည်အတွက် ရုရှားအစိုးရနဲ့ ပြည်သူတွေကို ကျေးဇူးတင်ရှိပါတယ်” ဟု ဗင်းဆင့် ဒီလာအို လီဗီ က X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

ကျူးဘားသည် ၎င်း၏ လောင်စာဆီလိုအပ်ချက်၏ ၄၀ ရာခိုင်နှုန်းကိုသာ ပြည်တွင်း၌ ထုတ်လုပ်နိုင်ပြီး ကျန်ရှိသော လိုအပ်ချက်အတွက် တင်သွင်းမှုကိုသာ အားကိုးနေရခြင်းဖြစ်သည်။

ယခုရောက်ရှိလာသော ရေနံများမှ ဒီဇယ်ဆီ စည်ပေါင်း ၁ သိန်း ၈ သောင်းခန့် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ၎င်းသည် ကျူးဘားနိုင်ငံ၏ ၉ ရက် သို့မဟုတ် ၁၀ ရက်စာ နေ့စဉ်သုံးစွဲမှုအတွက် လုံလောက်မည်ဖြစ်ကြောင်း ပညာရှင်များက ခန့်မှန်းထားသည်။

ကိုးကား AP

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *