PSM(NEWS) ဧပြီ၁ ၊ ၂၀၂၆ ဆော်ဒီအာရေဗျအစိုးရပိုင် ရေနံကုမ္ပဏီကြီးဖြစ်သော အာရမ်ကို(Aramco) နှင့် အမေရိကန် ဓာတုဗေဒလုပ်ငန်း ဒေါင်(Dow) တို့ ဖက်စပ်လုပ်ဆောင်နေသည့် ဆာဒါရာဓာတုဗေဒကုမ္ပဏီ (Sadara Chemical Company) သည် ဆက်လက်ဖြစ်ပွားနေသော ထောက်ပံ့ရေးကွင်းဆက် ပြတ်တောက်မှုများကြောင့် ထုတ်လုပ်မှုလုပ်ငန်းများကို ယာယီရပ်ဆိုင်းလိုက်ကြောင်း ၎င်း၏လက်အောက်ခံကုမ္ပဏီတစ်ခုကအင်္ဂါနေ့တွင်ပြောကြားခဲ့သည်။ ဆာဒါရာ ဓာတုဗေဒကုမ္ပဏီသည် ဆော်ဒီအာရေဗျနိုင်ငံ၊ဂျူဘေးလ်မြို့တွင် နှစ်စဉ် ဓာတုပစ္စည်းနှင့် ပလတ်စတစ် တန်ချိန် ၃ သန်းကျော် ထုတ်လုပ်နိုင်သည့် စက်မှုဇုန်ကြီးတစ်ခုကို လည်ပတ်နေခြင်း ဖြစ်သည်။ အဆိုပါလုပ်ငန်းရပ်ဆိုင်းမှုသတင်းကို ၎င်း၏ မိခင်ကုမ္ပဏီအတွက် အစ္စလာမ်မစ် ငွေတိုက်စာချုပ်များ ထုတ်ဝေပေးနေသည့် ဆာဒါရာ အခြေခံဝန်ဆောင်မှုလုပ်ငန်း(Sadara Basic Services) က စည်းမျဉ်းထိန်းသိမ်းရေးဆိုင်ရာ ထုတ်ပြန်ချက်တွင် အသိပေးခဲ့ခြင်း ဖြစ်သည်။ “လက်ရှိအချိန်မှာတော့ ထုတ်လုပ်မှု ပြန်လည်စတင်နိုင်မယ့် အခြေအနေကို ခန့်မှန်းလို့ မရသေးပါဘူး။ ဒါဟာ ပြည်တွင်းနဲ့ နိုင်ငံတကာ အချက်အလက်တွေအပေါ်မှာ မူတည်နေပါတယ်” ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး ယခုရပ်ဆိုင်းမှုကြောင့် ယခုနှစ် ဘဏ္ဍာရေးရလဒ်များကို ထိခိုက်နိုင်ဖွယ်ရှိကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။ တစ်လကြာ မြင့်တက်လာနေသော အီရန်စစ်ပွဲသည် အရှေ့အလယ်ပိုင်းဒေသတစ်ခွင်သို့ ကူးစက်ပြန့်နှံ့လာခဲ့ပြီး စွမ်းအင်ထောက်ပံ့မှုများကို အနှောင့်အယှက်ဖြစ်စေကာ ကမ္ဘာ့စီးပွားရေးကိုလည်း ခြိမ်းခြောက်လျက်ရှိသည်။ အီရန် သည် အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် ဒေသတွင်း အခြေခံအဆောက်အအုံများနှင့် သင်္ဘောလိုင်းများကို ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိသည်။ ကိုးကား Reuters Post navigation အစ္စရေး၏ ပါလက်စတိုင်းများအပေါ် သေဒဏ်ပေးမည့် ဥပဒေသစ်အပေါ် EU စိုးရိမ်မကင်းဖြစ် ကူဝိတ်လေဆိပ်ရှိလောင်စာဆီကန်များကိုအီရန်ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့်မီးလောင်ကျွမ်း၊ထိခိုက်ဒဏ်ရာရသူမရှိ