PSM(NEWS) ဧပြီ ၁၊၂၀၂၆ အစ္စရေးစစ်ဘက်ဆိုင်ရာ တရားရုံးများတွင် သေစေလောက်သည့် တိုက်ခိုက်မှုများဖြင့် ပြစ်ဒဏ်စီရင်ခြင်းခံရသော ပါလက်စတိုင်းလူမျိုးများအား ကြိုးပေးသတ်ဖြတ်ရန် အစ္စရေး၏ ဆုံးဖြတ်ချက်အပေါ် ဥရောပသမဂ္ဂ (EU) က အထူးစိုးရိမ်မကင်းဖြစ်မိကြောင်း အင်္ဂါနေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ “ဒါဟာ သိသိသာသာ နောက်ပြန်ဆုတ်သွားတဲ့ ခြေလှမ်းတစ်ရပ်ပါပဲ” ဟု ဥရောပကော်မရှင် ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ “အစ္စရေးအနေနဲ့ ယခင်က ကိုင်စွဲထားခဲ့တဲ့ မူဝါဒတွေ၊ နိုင်ငံတကာဥပဒေအောက်က တာဝန်ဝတ္တရားတွေနဲ့ ဒီမိုကရေစီ စံနှုန်းတွေအပေါ် ကတိကဝတ်ပြုထားမှုတွေကို လိုက်နာဖို့ ကျွန်ုပ်တို့ တိုက်တွန်းပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ အစ္စရေး၏ ယခုလုပ်ရပ်အပေါ် ဥရောပကော်မရှင်က မည်သို့သော တုံ့ပြန်မှုများ ပြုလုပ်သွားမည်ဆိုသည်နှင့် ပတ်သက်၍မူ ၎င်းက တစ်စုံတစ်ရာ မှတ်ချက်ပေးပြောကြားခြင်း မရှိသေးပေ။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု ၏ လက်ယာစွန်းအုပ်စု မဟာမိတ်များ၏ ကတိကဝတ်ကို ဖြည့်ဆည်းသည့်အနေဖြင့်၊ စစ်ဘက်တရားရုံးများတွင် ပြစ်မှုထင်ရှားသော ပါလက်စတိုင်းများအား ကြိုးပေးသတ်ဖြတ်ရန် အစ္စရေးလွှတ်တော်က တနင်္လာနေ့တွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဆုံးဖြတ်ချက်ကြောင့် ဒေသတွင်း တင်းမာမှုများ ပိုမိုမြင့်တက်လာနိုင်သည့်အပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက စောင့်ကြည့်လျက်ရှိသည်။ ကိုးကား Reuters Post navigation အမေရိကန်၏ စွမ်းအင်ပိတ်ဆို့မှုကြားမှ ရုရှားရေနံတင်သင်္ဘော ကျူးဘားနိုင်ငံသို့ ဆိုက်ကပ် အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် Aramco နှင့် Dow တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Sadara Chemical ထုတ်လုပ်မှုရပ်ဆိုင်း