MNDAA က တော်လှန်ရေးသူရဲကောင်းများကို ဂုဏ်ပြု အခမ်းအနားပြုလုပ်၍ ဖမ်းဆီးထားသည့် စစ်သုံ့ပန်း ၅၀၀ ကိုလွှတ်ပေး PSM(News) ဇန်နဝါရီ ၂၆၊ ၂၀၂၆ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA-ကိုးကန့်တပ်) က ၎င်းတို့ထိန်းချုပ်ထားသည့် စစ်သုံ့ပန်း ၅၀၀ ကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အစီအစဉ်ဖြင့် ယမန်နေ့ ဇန်နဝါရီ ၂၅ ရက်နေ့က ပြန်လည်လွှတ်ပေးလိုက်ကြောင်း MNDAA က ထုတ်ပြန်ထားသည်။ MNDAA သည် ကိုးကန့်ရိုးရာ “တာကျောင်” မဟာပူဇော်ပွဲ၏ သတ္တမမြောက်နေ့ အခမ်းအနားတွင် အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်ကို ကြေညာခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အခမ်းအနားသို့ MNDAA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်တာရွှင် ကိုယ်တိုင်တက်ရောက်ခဲ့ပြီး လွန်ခဲ့သော နှစ်ပေါင်း ၂၀ အတွင်း အသက်ပေးလှူသွားကြသော တော်လှန်ရေးသူရဲကောင်းများအား ဂုဏ်ပြုဦးညွှတ်ခဲ့သည်။ “ဘုံရည်မှန်းချက်အတွက် အတူတကွ ပေးဆပ်ခဲ့ကြသူများကို ကျွန်ုပ်တို့ ဘယ်တော့မှ မေ့ပျောက်မည် မဟုတ်ပါ။ သင်တို့ မပြီးဆုံးသေးသော တာဝန်ဝတ္တရားများကို ကျွန်ုပ်တို့ ဆက်လက်ထမ်းဆောင် အကောင်အထည်ဖော်သွားပါမည်။ ကျေးဇူးပြု၍ ငြိမ်းချမ်းစွာ အနားယူကြပါတော့” ဟု MNDAA စစ်ဦးစီးမှူး ဗိုလ်မှူးချုပ် Lan Tian En (လန်ထျန်းအန့်) က အာဇာနည်များအတွက် တော်လှန်ရေးသစ္စာအဓိဋ္ဌာန်ပြုရာတွင် ထည့်သွင်းပြောကြားခဲ့သည်။ MNDAA ၏ လွတ်ငြိမ်းခွင့်တွင် စစ်သုံ့ပန်း ၅၀၀ ဦးအပြင် အကျင့်စာရိတ္တကောင်းမွန်သည့် အကျဉ်း သား ၉ ဦးပါဝင်ပြီး အခြားအကျဉ်းသား ၄၉ ဦးတို့ကိုလည်း ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့ကြောင်း သိရသည်။ MNDAA အနေဖြင့် ယခုကဲ့သို့ လုပ်ဆောင်ခြင်းသည် ဥပဒေစိုးမိုးမှုနှင့် လူသားချင်းစာနာမှု ကို ဖော်ဆောင်ခြင်းဖြစ်သော်လည်း ယခုကဲ့သို့ စစ်သုံ့ပန်းအများအပြားကို တစ်ပြိုင်နက်လွှတ်ပေးခြင်းသည် စစ်ကော်မရှင်နှင့် အခြားနိုင်ငံရေးညှိနှိုင်းမှုများ ရှိနိုင်ကြောင်း စစ်ရေးအကဲခပ်များက ဆိုသည်။ MNDAA သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်တွင် စတင်ခဲ့သော “၁၀၂၇ စစ်ဆင်ရေး” အတွင်း စစ်ကော်မရှင်၏ တိုင်းစစ်ဌာနချုပ်၊ ဒေသကွပ်ကဲရေးဌာနချုပ်များအပါအဝင် ဗိုလ်ချုပ်အဆင့်ရှိ အရာရှိကြီးများနှင့် စစ်သုံ့ပန်း ထောင်ချီ ဖမ်းဆီးခဲ့ပြီး ၂၀၂၄ ဩဂုတ်မှ စတင်ကာ ပြန်လည် လွှတ်ပေးခဲ့သည်။ ဖမ်းဆီးရမိသူများထဲတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) မှ ဗိုလ်ချုပ် စိုးတင့် အပါအဝင် လောက်ကိုင်ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစမှူး) ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်၊ ဗိုလ်မှူးချုပ် မိုးကျော်သူ၊ ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ ဗိုလ်မှူးချုပ် သန့်ထင်စိုး စသည့်အရာရှိကြီးများ ပါဝင်ခဲ့သည်။ MNDAA သည် “၁၀၂၇ စစ်ဆင်ရေး” အတွင်း ၎င်းတို့သိမ်းယူခဲ့သည့် လားရှိုးမြို့ကို စစ်ကော်မရှင်ထံ ပြန်လည်ပေးအပ်ခဲ့သော်လည်း ကွတ်ခိုင်၊ သိန္နီ၊ မုံးကိုး နှင့် လောက်ကိုင် ခရိုင်လေးခုကို ၎င်းတို့၏ အထူးဒေသ(၁) နယ်မြေအဖြစ် သတ်မှတ်ထားသည်။ ဓာတ်ပုံ-The Kokang #MNDAA #တော်လှန်ရေးသူရဲကောင်းများ #အလေးပြု #စစ်သုံ့ပန်း #၅၀၀ #လွတ်ငြိမ်း #PSM_News PSM(NEWS) ဇန်နာဝါရီ ၂၆၊ ၂၀၂၆ အမေရိကန်၏ သွင်းကုန်အခွန်တိုးမြှင့်မှုများကြောင့် ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းများတွင် အနှောင့်အယှက်များ ဖြစ်ပေါ်နေစဉ်အတွင်း ဥရောပသမဂ္ဂ (EU) နှင့် ဗီယက်နမ်နိုင်ငံတို့သည် ၎င်းတို့၏ ဆက်ဆံရေးကို အမြင့်ဆုံးအဆင့်သို့ မြှင့်တင်ရန် စီစဉ်နေကြောင်း အီးယူတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ဥရောပကောင်စီဥက္ကဋ္ဌ အန်တိုနီယို ကော်စတာသည် လာမည့်ကြာသပတေးနေ့တွင် ဟနွိုင်းမြို့သို့ သွားရောက်မည်ဖြစ်ပြီး ယင်းခရီးစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေးကို အဆင့်မြှင့်တင်မည် ဖြစ်သည်။ အဆိုပါခရီးစဉ်သည် ဗီယက်နမ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တိုလမ်ပြန်လည်ရွေးချယ်ခံရပြီးနောက် ဖြစ်ပေါ်လာခြင်းဖြစ်ရာ ကော်စတာသည် တိုလမ်နှင့် ပထမဆုံးတွေ့ဆုံသည့် ကမ္ဘာ့အင်အားကြီးအဖွဲ့အစည်း ခေါင်းဆောင်တစ်ဦး ဖြစ်လာဖွယ်ရှိသည်။ ယခု ဆက်ဆံရေးအဆင့်မြှင့်တင်မှုသည် ဗီယက်နမ်၏ အဆင့်အမြင့်ဆုံးသော မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု အဆင့်အတန်းသို့ ရောက်ရှိသွားမည်ဖြစ်ပြီး၊ ၎င်းမှာ အီးယူကို တရုတ်၊ အမေရိကန်နှင့် ရုရှားတို့နှင့် တစ်တန်းတည်း ထားရှိလိုက်ခြင်းလည်း ဖြစ်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဗီယက်နမ်အပါအဝင် နိုင်ငံအများအပြားအပေါ် အပြန်အလှန်အခွန်ကောက်ခံမှုများ ပြုလုပ်မည်ဟု ခြိမ်းခြောက်နေခြင်းကြောင့် ဗီယက်နမ်သည် ၎င်း၏ပို့ကုန်ဈေးကွက်ကို အမျိုးမျိုးပြောင်းလဲရန် ကြိုးပမ်းနေသည်။ ဥရောပနိုင်ငံများသည်လည်း အမေရိကန်နှင့် ကုန်သွယ်ရေးတင်းမာမှုများ ရှိနေသဖြင့် ဗီယက်နမ်ကဲ့သို့ ယုံကြည်စိတ်ချရသော မိတ်ဖက်များနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းသစ်များကို ဖော်ဆောင်လိုကြသည်။ အီးယူသည် ပြီးခဲ့သည့်နှစ်က ဗီယက်နမ်မှ ဒေါ်လာ ၅၂ ဘီလီယံဖိုး ကုန်စည်များ တင်သွင်းခဲ့ပြီး ဗီယက်နမ်အတွက် တတိယအကြီးဆုံး ပို့ကုန်ဈေးကွက်ဖြစ်သည်။ ထို့အပြင်ဥရောပကုမ္ပဏီများသည် ဗီယက်နမ်၏ အခြေခံအဆောက်အအုံစီမံကိန်းများ၊ အထူးသဖြင့် ရထားလမ်းကဏ္ဍတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စိတ်ဝင်စားနေကြသည်။ အမေရိကန်၏ နိုင်ငံခြားအကူအညီများ ရပ်တန့်သွားနိုင်ခြေရှိသဖြင့် ဥရောပနိုင်ငံများက အမေရိကန်၏ နေရာတွင် အစားထိုးကူညီရန် ပြင်ဆင်လျက်ရှိသည်။ ယခုခရီးစဉ်နှင့် ဆက်ဆံရေးအဆင့်မြှင့်တင်မှုသည် ကမ္ဘာ့ကုန်သွယ်ရေးအပြောင်းအလဲများကြားတွင် ဗီယက်နမ်နှင့် ဥရောပအကြား စီးပွားရေးနှင့် နိုင်ငံရေးအရ ပိုမိုခိုင်မာသော ပေါင်းကူးတံတားတစ်ခု ဖြစ်လာမည်ဟု ခန့်မှန်းရပါသည်။ ကိုးကား Reuters #အမေရိကန် #အခွန်တိုးမြှင့်မှု #ဥရောပသမဂ္ဂ #ဗီယက်နမ် #ဆက်ဆံရေးအဆင့်မြှင့် #𝐏𝐒𝐌_𝐍𝐞𝐰𝐬 Post navigation မဲဆောက်တွင် မြန်မာတစ်ဦးက ထိုင်းရဲကို သေနတ်ဖြင့် ပစ်ခတ်၊ မြန်မာလူငယ်များ သွားရောက် သွေးလှူ၍ တောင်းပန် အထက်မင်းလှတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များအား USBA က ကြားဖြတ်တိုက်ခိုက်၊ ၄ ဦးသေဆုံး