မဲဆောက်တွင် မြန်မာတစ်ဦးက ထိုင်းရဲကို သေနတ်ဖြင့် ပစ်ခတ်၊ မြန်မာလူငယ်များ သွားရောက် သွေးလှူ၍ တောင်းပန်

PSM (News)
ဇန်နဝါရီ ၂၁၊ ၂၀၂၆
 
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၊ မယ်ကုရပ်ကွက်တွင် စစ်ဆေးမှုပြုလုပ်သည့် ထိုင်းရဲတပ်ဖွဲ့ဝင် တစ်ဦးကို မြန်မာနိုင်ငံသားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးမှု ဖြစ်ပွားခဲ့ရာ မဲဆောက်ရောက် မြန်မာလူငယ်များက သွားရောက်သွေးလှူ၍ တောင်းပန်ခဲ့ကြောင်း သိရသည်။
မယ်ကုရပ်ကွက်ရှိ တော့ဖောင်းအထည်ချုပ်စက်ရုံအနီး ဆဲဗင်းအလဲဗင်း စတိုးဆိုင်ရှေ့တွင် ယမန်နေ့ ဇန်နဝါရီ ၂၀ ရက် ညနေပိုင်းက ဆိုင်ကယ်ဖြင့်လာသည့် မြန်မာနိုင်ငံသားနှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးရန် ကြိုးပမ်းစဉ် တစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခြင်း ဖြစ်သည်။
အဆိုပါ ပစ်ခတ်မှုကြောင့် ထိုင်းရဲတပ်ကြပ်ကြီး ဆီဆန်ကန်ကာမှာ ဝမ်းဗိုက်တွင် ဒဏ်ရာရရှိကာ မဲဆောက်ဆေးရုံ၌ အရေးပေါ်ကုသမှု ခံယူနေရခြင်းကြောင့် မဲဆောက်ရောက် မြန်မာများက စိတ်မကောင်းဖြစ်ခဲ့ရသည်။
ထို့ကြောင့် တော့ဖောင်းစက်ရုံမှ မြန်မာဝန်ထမ်းများနှင့် မြန်မာလူငယ်များက ယနေ့ ဇန်နဝါရီ ၂၁ ရက်တွင် ဆေးရုံသို့သွားရောက်၍ သွေးလှူဒါန်းခဲ့ကြသည်။
ရဲတပ်ကြပ်ကြီး ဆီဆန် ကန်ကာ အတွက် မဲဆောက်ဆေးရုံသို့ သွားရောက်သွေးလှူဒါန်းခဲ့သူ Alice Honey (အဲလစ်ဟန်နီ) အကောင့်ပိုင်ရှင်က သူမ၏ လူမှုကွန်ရက်တွင် ယခုကဲ့သို့ မျှဝေထားသည်။
အဲလစ်ဟန်နီသည် ဆေးရုံသို့ရောက်ရှိပြီး သွေးလှူဒါန်းရန် အကူအညီတောင်းခံခဲ့ရာတွင် ဆုံတွေ့ခဲ့သူမှာ ဒဏ်ရာရရဲတပ်ကြပ်ကြီး၏ ဇနီးဖြစ်နေပြီး မြန်မာနိုင်ငံသားတစ်ဦးအနေဖြင့် ယခုဖြစ်စဉ်အတွက် အလွန်စိတ်မကောင်းဖြစ်ရကြောင်းနှင့် တောင်းပန်ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။
“ကျွန်မက သူ့ဇနီးပဲ။ လာလာ… ကျွန်မ (စာရွက်) ဖြည့်ပေးမယ်။ ကျွန်မလည်း အခုလို အဖြစ်အပျက် အတွက် အလွန်စိတ်မကောင်းဖြစ်ရပြီး တောင်းပန်ပါတယ်လို့ ပြောတော့ ‘ရပါတယ် မလိုပါဘူး။ သူလည်း သက်သာပါတယ်။ မြန်မာတစ်ဦးအနေနဲ့ အခုလို လာပေးတာကိုလည်း သူအရမ်းဝမ်းသာတယ်’ လို့ ပြန်ပြောတယ်” ဟု အဲလစ်ဟန်နီ ၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။
ထို့အပြင် ဒဏ်ရာရရှိထားသည့် ထိုင်းရဲတပ်ကြပ်ကြီးမှာ အသက်ဘေးအန္တရာယ်မှ လွတ်မြောက်သွားပြီ ဖြစ်ကြောင်းနှင့် ၎င်းတို့မိသားစုကလည်း မြန်မာနိုင်ငံသားများအပေါ် နားလည်မှုရှိရှိဖြင့် ကြည်ဖြူစွာ ကျေးဇူးတင်စကား ဆိုခဲ့ကြောင်း သိရသည်။
 
ဓာတ်ပုံ-Alice Honey ၊ တော့ဖောင်းစက်ရုံ
 

By Htet Ko