အထက်မင်းလှတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များအား USBA က ကြားဖြတ်တိုက်ခိုက်၊ ၄ ဦးသေဆုံး PSM(News) ဇန်နဝါရီ ၂၆၊ ၂၀၂၆ မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်သားများကို ဗမာ ပြည်ကာကွယ်ရေးတပ် (USBA) က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်ဘက်မှ လေး ဦး သေဆုံးသွားကြောင်း သိရသည်။ အထက်မင်းလှမြို့နယ် တောင်ဘက်ခြမ်းရှိ စစ္စနို့ကျေးရွာအတွင်း လူထုစည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက် နေသော USBA တပ်ဖွဲ့ဝင်များကို ယနေ့ ဇန်နဝါရီလ ၂၆ ရက်၊ မွန်းတည့် ၁၂ နာရီဝန်းကျင်တွင် စစ်ကော်မရှင်ဘက်က သတင်းပေးမှုဖြင့် လာရောက်စီးနင်းရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ ကြိုတင်သတင်းရရှိထားသော USBA တပ်ဖွဲ့ဝင်များသည် လမ်းဆုံဂိတ်မှ ထွက်ခွာလာသည့် အင်အား ၂၀ ကျော်ပါ စစ်ကော်မရှင်စစ်ကြောင်းကို ရွာအဝင်တွင် အသင့်စောင့်ကြို၍ တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။ မီတာ ၃၀ အကွာအဝေးမှ ၅ မိနစ်ခန့် အနီးကပ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရှေ့ဆုံးမှ တက်လာသည့် စစ်ကော်မရှင်တပ်သား လေး ဦးမှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့သည်ကို မျက်မြင်တွေ့ရှိ ခဲ့ရကြောင်း USBA က အတည်ပြုထုတ်ပြန်ထားသည်။ အဆိုပါတိုက်ပွဲတွင် စစ်ကော်မရှင်တပ်သား လေး ဦးသေဆုံးခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင် များဘက်က ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ လက်ရှိတွင် စစ်ကော်မရှင်ဘက်က အင်အားထပ်မံဖြည့်တင်းကာလက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စစ္စနို့ကျေးရွာအတွင်း ရမ်းသန်းပစ်ခတ်ကာ မွှေနှောက်သောင်းကျန်းနေကြောင်း သိရသည်။ အဆိုပါကျေးရွာသည် ယခင်က စစ်အုပ်စုယန္တရား လည်ပတ်နေသည့် ဒေသဖြစ်ပြီး စစ်အုပ်စု အားပေးထောက်ခံသူများရှိသော ကျေးရွာဖြစ်ကြောင်း သိရသည်။ ဓာတ်ပုံ-USBA #PSM_News #အထက်မင်းလှ #မကွေး #USBA #စစ်ကော်မရှင် #ပြည်သူ့ကာကွယ်ရေးတပ် Post navigation MNDAA က တော်လှန်ရေးသူရဲကောင်းများကို ဂုဏ်ပြု အခမ်းအနားပြုလုပ်၍ ဖမ်းဆီးထားသည့် စစ်သုံ့ပန်း ၅၀၀ ကိုလွှတ်ပေး စလင်းမြို့နယ်ရှိ စစ်ကော်မရှင်တပ်စခန်းများ တိုက်ခိုက်ခံရပြီး သေဆုံးသူများပြား၊ ထောက်ပို့ယာဉ်တန်း ၅ စီးအား ဖြတ်တောက်သိမ်းဆည်းရမိ