PSM (News)

စက်တင်ဘာ ၉ ၊ ၂၀၂၆

မြန်မာနိုင်ငံအတွင်းသို့ စက်တင်ဘာ ၁၀ ရက်မှစတင်၍ အရှေ့မြောက်လေစီးကြောင်းများ စတင် ဝင်ရောက် လာမည်ဖြစ်ပြီး အနောက်တောင်မုတ်သုံလေ ဆုတ်ခွာရန် ပြင်ဆင်သည့် အကူးအပြောင်း ကာလသို့ ရောက်ရှိလာပြီဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ)နှင့် မိုးလေဝသပညာရှင် ဦးဝင်းနိုင်တို့၏ ခန့်မှန်းချက်များအရ သိရသည်။

လာမည့် စက်တင်ဘာ ၁၂ ရက်မှ ၁၄ ရက်အတွင်း တောင်တရုတ်ပင်လယ်နှင့် ထိုင်းပင်လယ်ကွေ့အတွင်း အပူပိုင်းမုန်တိုင်းငယ်များ ဖြစ်ပေါ်လာနိုင်ပြီး အဆိုပါ မုန်တိုင်းစနစ်များက ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အတွင်းရှိ မုတ်သုံလေစီးကြောင်းများကို ဆွဲယူသွားမည်ဖြစ်သည်။

ထို့ကြောင့် ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ မကွေး၊ မန္တလေးနှင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင် နေ့စဉ် မိုးရွာသွန်းမှု ပမာဏနှင့် အကြိမ်ရေ သိသိသာသာ လျော့ပါးကျဆင်းသွားမည်ဖြစ်သည်။ သို့သော် လေထုမတည်ငြိမ်မှုကြောင့် မိုးတိမ်တောင်များ ဖြစ်ပေါ်ကာ မိုးထက်ချုန်းရွာနိုင်သဖြင့် သတိပြုရန် လိုအပ်သည်။

မိုးရွာသွန်းမှု လျော့ပါးသွားမည်ဖြစ်သော်လည်း အထက်မြစ်ဖျားပိုင်းမှ စီးဆင်းလာသည့် ရေဆင်းလှို င်းများကြောင့် ဧရာဝတီမြစ်အောက်ပိုင်း၊ ငဝန်မြစ်နှင့် သံလွင်မြစ်တို့တွင် မြစ်ရေ ဆက်လက် မြင့်မားနေဦးမည်ဖြစ်သည်။

ဧရာဝတီမြစ်ရေသည် ဟင်္သာတ၊ ဇလွန်နှင့် ဆိပ်သာမြို့တို့တွင် နောက် ၂ ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိလာနိုင်ပြီး ဘားအံမြို့တွင် သံလွင်မြစ်ရေနှင့် မဒေါက်မြို့တွင် စစ်တောင်းမြစ်ရေတို့သည် စိုးရိမ်ရေမှတ်အထက်၌ ဆက်လက် တည်ရှိနေမည်ဖြစ်သည်။

ငဝန်မြစ် တာကျိုးမှုကြောင့် ရေကြီးရေလွှမ်းနေသည့် လေးမျက်နှာမြို့နယ်အတွင်း ရေပြန်ကျရန် နှေးကွေးနေဦးမည်ဖြစ်ကာ မိတ္ထီလာ၊ သာစည်နှင့် ညောင်ဦး စဉ်ကူနယ်တို့တွင် မိုးအသင့်အတင့် ဆက်လက် ရွာသွန်းနိုင်ခြေ ရှိသည်။

ယနေ့ စက်တင်ဘာ ၉ ရက်နေ့တွင် ချင်း၊ စစ်ကိုင်း၊ ကချင်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့၌ နေရာအနှံ့အပြား မိုးကြီးနိုင်ပြီး ရခိုင်၊ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ နေပြည်တော်၊ ကရင်နီ၊ ကရင်၊ မွန်နှင့် တနင်္သာရီတို့တွင် မိုးအသင့်အတင့် ရွာသွန်းမည်ဖြစ်သည်။

မြန်မာ့ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်နာရီလျှင် မိုင် ၂၅ မှ မိုင် ၃၀ အထိ မိုးသက်လေပြင်းများ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် ၇ ပေမှ ၉ ပေအထိ ရှိနိုင်သဖြင့် ရေလုပ်သားများနှင့် ပင်လယ်ပြင် ခရီးသွားများအနေဖြင့် ရုတ်တရက် လှိုင်းကြီးလေထန်သည့် အန္တရာယ်ကို သတိပြုရန် လိုအပ်သည်။

ဓာတ်ပုံ-မိုး/ဇလ

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *